31 ကိုယ်တော်သည် ဂါလိလဲနယ်မှ ဂျေရုဆလင်မြို့သို့ မိမိနှင့်အတူလိုက်ပါခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာအတွင်း ကိုယ်ထင်ရှားပြတော်မူ၏။ ယခုအခါ ထိုသူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏သက်သေများဖြစ်ကြ၏။
32 ငါတို့သည်လည်း ဘိုးဘေးများအားပေးတော်မူသော ကတိတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
33 ဘုရားသခင်သည် ယေရှုကိုထမြောက်စေ၍ ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသောငါတို့အတွက် ထိုကတိတော်တို့ကို ပြည့်စုံစေတော်မူပြီ။ ဤသည်ကား ဒုတိယမြောက်သောဆာလံကျမ်း၌ ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ’ဟု ရေးထားသည့်အတိုင်းဖြစ်၏။
34 ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေပြီး နောက်တစ်ဖန် ပုပ်ပျက်ခြင်းသို့မရောက်စေသည့်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် ဒါဝိဒ်အားပေးထားသည့် သန့်ရှင်း၍ယုံကြည်ထိုက်သောကောင်းချီးကို သင်တို့အားပေးမည်’ဟု မိန့်တော်မူခဲ့၏။
35 ထို့ကြောင့် အခြားသောဆာလံကျမ်းတွင်လည်း ‘ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု မိန့်ဆိုထား၏။
36 အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
37 သို့သော် ဘုရားသခင်ထမြောက်စေတော်မူသောအရှင်မူကား ပုပ်ပျက်ခြင်းနှင့် မကြုံတွေ့ခဲ့ပေ။