33 ဘုရားသခင်သည် ယေရှုကိုထမြောက်စေ၍ ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသောငါတို့အတွက် ထိုကတိတော်တို့ကို ပြည့်စုံစေတော်မူပြီ။ ဤသည်ကား ဒုတိယမြောက်သောဆာလံကျမ်း၌ ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ’ဟု ရေးထားသည့်အတိုင်းဖြစ်၏။
34 ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေပြီး နောက်တစ်ဖန် ပုပ်ပျက်ခြင်းသို့မရောက်စေသည့်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် ဒါဝိဒ်အားပေးထားသည့် သန့်ရှင်း၍ယုံကြည်ထိုက်သောကောင်းချီးကို သင်တို့အားပေးမည်’ဟု မိန့်တော်မူခဲ့၏။
35 ထို့ကြောင့် အခြားသောဆာလံကျမ်းတွင်လည်း ‘ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု မိန့်ဆိုထား၏။
36 အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
37 သို့သော် ဘုရားသခင်ထမြောက်စေတော်မူသောအရှင်မူကား ပုပ်ပျက်ခြင်းနှင့် မကြုံတွေ့ခဲ့ပေ။
38 ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုအရှင်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းတရားကို သင်တို့အား ဟောပြောသည်ကိုလည်းကောင်း၊ ယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းမခံရနိုင်သောအရာအားလုံးတို့မှလွတ်၍
39 ထိုအရှင်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။