1 လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။
2 ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
3 ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
4 ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
5 သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။
6 ထိုအခါ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအကြောင်းအရာကို ကြည့်ရှုသုံးသပ်ရန် စုဝေးကြ၏။