2 ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
3 ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
4 ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
5 သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။
6 ထိုအခါ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအကြောင်းအရာကို ကြည့်ရှုသုံးသပ်ရန် စုဝေးကြ၏။
7 များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည် ထ၍ “ညီအစ်ကိုတို့၊ လူမျိုးခြားတို့သည် ငါ၏နှုတ်အားဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်တရားစကားကိုကြားနာ၍ ယုံကြည်ကြစေရန် ဘုရားသခင်သည် လွန်ခဲ့သည့်အချိန်က သင်တို့အထဲမှ ငါ့ကို ရွေးကောက်တော်မူကြောင်း သင်တို့သိကြ၏။
8 စိတ်နှလုံးကိုသိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ ထိုသူတို့အားလည်း ပေး၍ သူတို့ကို အသိအမှတ်ပြုတော်မူ၏။