30 ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ ဆင်းသွားကြ၍ တပည့်တော်အစုအဝေးကို စုဝေးစေပြီးလျှင် စာကို ပေးအပ်ကြ၏။
31 သူတို့သည် ထိုစာကိုဖတ်ကြသောအခါ ၎င်း၌ပါသော တိုက်တွန်းအားပေးမှုကြောင့် ဝမ်းမြောက်ကြ၏။
32 ယုဒနှင့်သိလတို့ကိုယ်တိုင်သည်လည်း ပရောဖက်များဖြစ်ကြသောကြောင့် များစွာသောစကားတို့ဖြင့် ညီအစ်ကိုတို့ကို တိုက်တွန်းနှိုးဆော်လျက် ခိုင်ခံ့မြဲမြံစေကြ၏။
33 ထို့နောက် အချိန်အတန်ကြာနေပြီးမှ ညီအစ်ကိုတို့သည် သူတို့ကို ငြိမ်းချမ်းစွာပြန်လွှတ်သဖြင့် သူတို့သည် မိမိတို့ကိုစေလွှတ်သောသူတို့ထံသို့ ပြန်သွားကြ၏။
34 [သို့သော် သိလသည် ထိုနေရာ၌နေရစ်ရန် ဆုံးဖြတ်လေ၏။]
35 ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက် အခြားသောသူများစွာတို့နှင့်အတူ သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြော၍သွန်သင်ကြ၏။
36 ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။