11 ငါတို့သည် တရောမြို့မှရွက်လွှင့်၍ သာမောသရက်ကျွန်းသို့ တိုက်ရိုက်သွားပြီးလျှင် နောက်တစ်နေ့၌ နေအာပေါလိမြို့သို့ရောက်ကြ၏။
12 ထိုမြို့မှတစ်ဆင့် ဖိလိပ္ပိမြို့သို့ သွားကြ၏။ ဖိလိပ္ပိမြို့သည် မာကေဒေါနိပြည်၏ထိုအပိုင်းတွင် အဓိကမြို့ဖြစ်ပြီး ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ထိုမြို့တွင် ရက်အတန်ကြာနေကြ၏။
13 ဥပုသ်နေ့၌ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းပတ္ထနာပြုသောနေရာရှိမည်ဟုထင်ရသည့် မြစ်ကမ်းနားသို့သွားလျက် ထိုနေရာ၌ထိုင်ပြီးလျှင် စုဝေးလာကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
14 သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
15 သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
16 တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။
17 ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။