22 ထို့ကြောင့် ပေါလုသည် အာရေပါဂုရုံးတော်အလယ်၌ရပ်လျက် “အေသင်မြို့သားတို့၊ သင်တို့သည် အရာရာ၌ ဘာသာတရားအလွန်ကိုင်းရှိုင်းသူများဖြစ်ကြသည်ကို ငါမြင်ရ၏။
23 သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။
24 ကမ္ဘာလောကနှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်၍ လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မူသည်မဟုတ်။
25 ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။
26 ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
27 ဤသို့ပြုခြင်းမှာ လူတို့သည် ဘုရားသခင်ကို လိုက်စမ်း၍ တွေ့လိုတွေ့ငြား ရှာဖွေကြစေရန် အတွက်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်စုံတစ်ဦးနှင့်မျှ ဝေးကွာတော်မူသည်မဟုတ်။
28 အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က “စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏”ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။