24 ကမ္ဘာလောကနှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်၍ လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မူသည်မဟုတ်။
25 ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။
26 ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
27 ဤသို့ပြုခြင်းမှာ လူတို့သည် ဘုရားသခင်ကို လိုက်စမ်း၍ တွေ့လိုတွေ့ငြား ရှာဖွေကြစေရန် အတွက်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်စုံတစ်ဦးနှင့်မျှ ဝေးကွာတော်မူသည်မဟုတ်။
28 အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က “စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏”ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။
29 ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။
30 ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။