12 လူအားလုံးတို့သည် အံ့သြငေးမောလျက် ဝေခွဲမရဖြစ်ကြကာ “ဤအမှုအရာသည် မည်သည့်အရာကိုဆိုလိုသနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
13 သို့သော် လူအချို့တို့က “သူတို့သည် ဝိုင်ချိုဖြင့်မူးယစ်နေကြသည်”ဟု ကဲ့ရဲ့ပြောဆိုကြ၏။
14 ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
15 ယခုအချိန်ကား နံနက်ကိုးနာရီဖြစ်၍ ဤသူတို့သည် သင်တို့ထင်မှတ်သကဲ့သို့ ယစ်မူးနေကြသည်မဟုတ်။
16 ဤအရာသည် ပရောဖက်ယောလဟောပြောထားသောအရာပင်ဖြစ်၏။
17 ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ကြရလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
18 ထိုနေ့ရက်တို့၌ ငါသည် ငါ၏အစေခံယောက်ျားနှင့် ငါ၏အစေခံမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။