တ​မန်​တော်​ဝတ္ထု 2:23-29 MSB

23 ဘု​ရား​သ​ခင်​ချ​မှတ်​ထား​သော​အ​ကြံ​အ​စည်​တော်​နှင့် ကြို​တင်​သိ​မြင်​သော​ဉာဏ်​တော်​တို့​အ​ရ အပ်​နှံ​ခြင်း​ခံ​ရ​သော​ထို​အ​ရှင်​ကို သင်​တို့​သည် တ​ရား​မဲ့​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​၍ ကွပ်​မျက်​ကြ​၏။

24 သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​နှင့်​ဆိုင်​သော​ဝေ​ဒ​နာ​မှ​လွတ်​မြောက်​စေ​၍ ထ​မြောက်​စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သေ​ခြင်း​သည် ထို​အ​ရှင်​ကို အ​စဉ်​ချည်​နှောင်​ထား​၍​မ​ရ​နိုင်​ချေ။

25 ဒါ​ဝိဒ်​က​လည်း ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ‘ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ်​မျက်​မှောက်​ပြု​၏။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် ငါ​၏​လက်​ယာ​ဘက်​၌ ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​သည် တုန်​လှုပ်​ခြင်း​မ​ရှိ​ရာ။

26 ထို့​ကြောင့် ငါ​၏​စိတ်​နှ​လုံး​သည်​ပျော်​ရွှင်​၍ ငါ​၏​နှုတ်​သည်​ရွှင်​မြူး​၏။ ထို​မျှ​မ​က ငါ​၏​သွေး​သား​သည်​လည်း မျှော်​လင့်​ခြင်း​၌​ခို​လှုံ​လိမ့်​မည်။

27 အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် အ​ကျွန်ုပ်​၏​စိတ်​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​၌ စွန့်​ပစ်​ထား​တော်​မူ​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်။

28 ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား အ​သက်​ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အ​ကျွန်ုပ်​ကို ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​ဝ​စေ​တော်​မူ​လိမ့်​မည်’​ဟု ဆို​ထား​၏။

29 ညီ​အစ်​ကို​တို့၊ ရှေး​ဘိုး​ဘေး​ဒါ​ဝိဒ်​နှင့်​ပတ်​သက်​၍ သင်​တို့​အား ငါ​အ​တိ​အ​လင်း​ပြော​ဆို​နိုင်​သည်​မှာ သူ​သည်​သေ​လွန်​၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​ပြီး သူ​၏​သင်္ချိုင်း​ဂူ​သည် ယ​နေ့​တိုင်​အောင် ငါ​တို့​အ​ရပ်​၌​ရှိ​၏။