2 လူတို့သည် မိမိတို့အား ဟေဗြဲဘာသာစကားဖြင့်ပြောကြားသည်ကို ကြားကြသောအခါ ပို၍တိတ်ဆိတ်သွားကြ၏။ ထိုအခါ ပေါလုက
3 “အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
4 အကျွန်ုပ်သည် ဤလမ်းစဉ်ကိုလိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းဆဲခဲ့၍ ယောက်ျား၊ မိန်းမတို့ကို ချည်နှောင်လျက် ထောင်ထဲသို့ပို့ခဲ့ပါသည်။
5 ဤအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းနှင့် လူကြီးအဖွဲ့ဝင်အပေါင်းတို့သည် အကျွန်ုပ်အတွက် သက်သေခံပေးနိုင်ပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒမတ်စကပ်မြို့ရှိညီအစ်ကိုများထံသို့ ရေးသားသည့်စာများကိုယူလျက် ထိုအရပ်၌ရှိသော သူတို့ကိုလည်း ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ ပြစ်ဒဏ်ပေးရန်အတွက် ထိုမြို့သို့ ထွက်သွားခဲ့ပါသည်။
6 သို့သော် အကျွန်ုပ်ခရီးဆက်၍ ဒမတ်စကပ်မြို့အနီးသို့ရောက်သောအခါ မွန်းတည့်ချိန်ခန့်၌ ကောင်းကင်မှ အလွန်တောက်ပသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်တရက်ထွန်းတောက်ခဲ့ပါသည်။
7 ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။
8 အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှင် ‘ငါသည် သင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်၏’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့ပါသည်။