15 ငါတို့အကြောင်းကိုကြားသော ညီအစ်ကိုတို့သည် ငါတို့နှင့်တွေ့ဆုံရန် ရောမမြို့မှ အပ္ပိအရပ်နှင့် ဧည့်ရိပ်သာသုံးဆောင်ဟုခေါ်သောအရပ်တိုင်အောင် လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်ကိုကျေးဇူးတင်လျက် အားတက်လာလေ၏။
16 ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
17 သုံးရက်လွန်သောအခါ ပေါလုသည် ဂျူးလူမျိုးတို့၏ခေါင်းဆောင်များကိုဖိတ်ခေါ်၍ စုဝေးစေ၏။ သူတို့စုဝေးလာကြသောအခါ ပေါလုက “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ဓလေ့ထုံးစံများကိုလည်းကောင်း ဆန့်ကျင်သောအရာတစ်စုံတစ်ခုကိုမျှ မပြုခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် အကျဉ်းသားအဖြစ် ရောမလူမျိုးတို့လက်သို့ အပ်နှံခြင်းခံခဲ့ရသည်။
18 ရောမလူမျိုးတို့သည် အကျွန်ုပ်ကိုစစ်ဆေးကြရာ အကျွန်ုပ်၌ သေထိုက်သောပြစ်မှုမတွေ့သောကြောင့် အကျွန်ုပ်ကိုပြန်လွှတ်လိုကြသည်။
19 သို့ရာတွင် ဂျူးလူမျိုးတို့က ကန့်ကွက်ကြသဖြင့် အကျွန်ုပ်သည် မလွဲသာ၍ ဆီဇာဧကရာဇ်ထံ အယူခံဝင်ရသည်။ အကျွန်ုပ်၏လူမျိုးကိုစွပ်စွဲရန် အကြောင်းတစ်စုံတစ်ရာရှိ၍မဟုတ်ပါ။
20 ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။
21 ထိုအခါ သူတို့က “ငါတို့သည် ယုဒပြည်မှ သင့်အကြောင်းရေးပို့သောစာများကို မရရှိခဲ့ကြပါ။ ထိုပြည်မှရောက်လာသော ညီအစ်ကိုတို့တွင်လည်း သင်နှင့်ပတ်သက်သည့် မကောင်းသောအရာတစ်စုံတစ်ခုကို သတင်းပို့သောသူ သို့မဟုတ် ပြောဆိုသောသူတစ်ယောက်မျှမရှိပါ။