တ​မန်​တော်​ဝတ္ထု 28:20-26 MSB

20 ဤ​အ​ကြောင်း​ကြောင့် အ​ကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့​ဆုံ​၍ စ​ကား​ပြော​ရန် သင်​တို့​ကို​ဖိတ်​ခေါ်​ခြင်း​ဖြစ်​သည်။ အ​မှန်​စင်​စစ် အ​ကျွန်ုပ်​သည် အစ္စ​ရေး​လူ​မျိုး​၏​မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့် ဤ​သံ​ကြိုး​ဖြင့် ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သည်”​ဟု ဆို​လေ​၏။

21 ထို​အ​ခါ သူ​တို့​က “ငါ​တို့​သည် ယု​ဒ​ပြည်​မှ သင့်​အ​ကြောင်း​ရေး​ပို့​သော​စာ​များ​ကို မ​ရ​ရှိ​ခဲ့​ကြ​ပါ။ ထို​ပြည်​မှ​ရောက်​လာ​သော ညီ​အစ်​ကို​တို့​တွင်​လည်း သင်​နှင့်​ပတ်​သက်​သည့် မ​ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို သ​တင်း​ပို့​သော​သူ သို့​မ​ဟုတ် ပြော​ဆို​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။

22 သို့​သော် ဤ​ဂိုဏ်း​နှင့်​ပတ်​သက်​၍ အ​ရပ်​ရပ်​တို့​၌ ဆန့်​ကျင်​ပြော​ဆို​နေ​ကြောင်း ငါ​တို့​သိ​ထား​သည်​ဖြစ်​၍ သင်​မည်​သို့​စိတ်​သ​ဘော​ရှိ​သည်​ကို သင့်​ထံ​မှ ငါ​တို့​ကြား​လို​သည်”​ဟု ဆို​ကြ​၏။

23 ထို့​နောက် သူ​တို့​သည် ပေါ​လု​နှင့် ရက်​ကို​ချိန်း​ချက်​ပြီး​မှ ပို​၍​များ​စွာ​သော​သူ​တို့​နှင့်​တ​ကွ သူ​တည်း​ခို​ရာ​အ​ရပ်​သို့ ရောက်​လာ​ကြ​၏။ ပေါ​လု​သည် နံ​နက်​စော​စော​အ​ချိန်​မှ​စ​၍ ည​နေ​အ​ချိန်​တိုင်​အောင် ထို​သူ​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ရှင်း​ပြ​လျက် သက်​သေ​ခံ​ကာ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​များ​ကို​ကိုး​ကား​၍ ယေ​ရှု​အ​ကြောင်း​ကို သူ​တို့​အား​ပြော​ပြ​စည်း​ရုံး​လေ​၏။

24 အ​ချို့​တို့​သည် သူ​ဟော​ပြော​သော​အ​ရာ​များ​ကို လက်​ခံ​ကြ​သော်​လည်း အ​ချို့​တို့​သည် မ​ယုံ​ကြည်​ကြ​ချေ။

25 ထို​အ​ခါ အ​ချင်း​ချင်း​ကြား​၌ သ​ဘော​ထား​ကွဲ​လွဲ​သ​ဖြင့် ပြန်​သွား​ကြ​စဉ်​တွင် ပေါ​လု​က “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား လျောက်​ပတ်​စွာ​ဟော​ပြော​ခဲ့​သည်​ကား

26 ‘သင်​တို့​သည် ကြား​သော​အ​ခါ လုံး​ဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​သော​အ​ခါ​လည်း လုံး​ဝ​သ​တိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ဤ​လူ​မျိုး​ထံ​သို့​သွား​၍ ပြော​ကြား​လော့။