3 ထိုအခါ ပေတရုက “အာနနိ၊ သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးကိုအုပ်စိုးခွင့်ပေး၍ သန့်ရှင်းသောဝိညာဉ်တော်ကိုလိမ်ညာကာ မြေဖိုးထဲမှအချို့ကို ထိမ်ချန်ထားသနည်း။
4 ထိုမြေသည် သင့်လက်ထဲ၌ရှိစဉ် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးသောအခါ၌လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင့်စိတ်နှလုံးထဲ၌ ဤအမှုကို အဘယ်ကြောင့်ကြံစည်ရသနည်း။ သင်သည် လူကိုလိမ်ညာသည်မဟုတ်ဘဲ ဘုရားသခင်ကိုလိမ်ညာလေပြီ”ဟု ဆို၏။
5 အာနနိသည် ထိုစကားတို့ကိုကြားလျှင် လဲ၍သေဆုံးလေ၏။ ထိုအခြင်းအရာကို ကြားရသောသူအားလုံးတို့သည် အလွန်ကြောက်ရွံ့သွားကြ၏။
6 ထို့နောက် လူငယ်တို့သည်ဝင်လာ၍ သူ၏အလောင်းကို အဝတ်နှင့်ပတ်ရစ်ပြီးလျှင် သယ်ဆောင်သွားလျက် သင်္ဂြိုဟ်ကြလေ၏။
7 သုံးနာရီခန့်ကြာသောအခါ အာနနိ၏ဇနီးသည် ဖြစ်ပျက်ခဲ့သောအကြောင်းအရာကိုမသိဘဲ ဝင်လာ၏။
8 ထိုအခါ ပေတရုက သူ့အား “သင်တို့သည် ထိုမြေကွက်ကို ဤမျှနှင့်ရောင်းခဲ့သည်မှာ ဟုတ်မဟုတ် ငါ့အားပြောလော့”ဟု မေးလေသော် သူက “ဟုတ်ပါ၏။ ဤမျှနှင့်ရောင်းခဲ့ပါ၏”ဟု ဆို၏။
9 ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။