8 သတေဖန်သည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်ဝလျက် ကြီးစွာသောနိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လူတို့ရှေ့တွင်ပြုလေ၏။
9 ထိုအခါ ‘လိဗေရတိန်’ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်းမှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။
10 သို့သော် ဝိညာဉ်တော်နှင့်ဉာဏ်ပညာတို့ဖြင့် သတေဖန်ပြောဆိုသောအရာကို သူတို့သည် အတိုက်အခံပြောဆို၍မရနိုင်ကြချေ။
11 ထိုအခါ သူတို့သည် လူတို့ကိုသွေးထိုးပေး၍ “ဤသူသည် မောရှေနှင့်ဘုရားသခင်အား စော်ကားသည့်စကားများပြောဆိုနေသည်ကို ငါတို့ကြားရသည်”ဟု ဆိုစေကြ၏။
12 ထို့ပြင် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများနှင့် လူထုတို့ကို လှုံ့ဆော်၍ သူ့ကိုဝင်ရောက်ဖမ်းဆီးကာ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
13 ထို့နောက် သူတို့သည် မမှန်သောသက်သေများကိုခေါ်လာ၍ “ဤသူသည် သန့်ရှင်းရာဌာနတော်နှင့်ပညတ်တရားတို့အား ဆန့်ကျင်သည့်စကားကို အစဉ်မပြတ်ပြောဆိုနေပါသည်။
14 အကြောင်းမူကား ဤသူက ‘နာဇရက်မြို့သားယေရှုသည် ဤနေရာကိုဖျက်ဆီး၍ အကျွန်ုပ်တို့အား မောရှေပေးအပ်ခဲ့သည့်ဓလေ့ထုံးစံတို့ကို ပြောင်းလဲစေလိမ့်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ထွက်ဆိုစေကြ၏။