1 ရှောလုသည်လည်း သတေဖန်အသတ်ခံရသည့်အမှု၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိအသင်းတော်အပေါ် ပြင်းထန်သောညှဉ်းဆဲမှုဖြစ်ပေါ်လာသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒနယ်နှင့်ရှမာရိနယ်တစ်လျှောက်သို့ ကွဲလွင့်သွားကြ၏။
2 ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။
3 ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။
4 ကွဲလွင့်သွားသောသူတို့မူကား နှုတ်ကပတ်တရားကို လှည့်လည်ဟောပြောကြ၏။
5 ဖိလိပ္ပုသည်လည်း ရှမာရိနယ်ရှိ မြို့တစ်မြို့သို့သွား၍ လူတို့အား ခရစ်တော်အကြောင်းကိုဟောပြောလေ၏။
6 လူထုပရိသတ်တို့သည် ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာများကို ကြားရ၊ မြင်ရသောအခါ သူဟောပြောသည့်အရာများကို တညီတညွတ်တည်းဂရုစိုက်နားထောင်ကြ၏။
7 အကြောင်းမူကား များစွာသောသူတို့ထံ၌ပူးနေသည့် ညစ်ညူးသောနတ်တို့သည် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် ထွက်သွားကြ၏။ လေဖြတ်သောသူနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း အကောင်းပကတိဖြစ်လာကြ၏။