1 ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။
2 ယောဟန်သည်လည်း သူတွေ့မြင်သမျှသော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်နှင့်ဆိုင်သည့် သက်သေခံချက်တို့ကို သက်သေခံလေ၏။
3 အချိန်နီးကပ်ပြီဖြစ်၍ ဤပရောဖက်ပြုဟောပြောသောစကားကို ဖတ်ကြားသောသူနှင့် ဤစကားကိုကြားနာ၍ ၎င်းတွင်ရေးထားသောအရာများကို လိုက်နာစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
4 ငါယောဟန်သည် အာရှပြည်ရှိ အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့်အရှင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
5 သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
6 ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
7 ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။