4 ငါယောဟန်သည် အာရှပြည်ရှိ အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့်အရှင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
5 သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
6 ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
7 ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
8 ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
9 ယေရှု၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုနှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။
10 သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။