3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးချုန်းသံခုနစ်ချက်တို့သည် မိမိတို့အသံများဖြင့်မြွက်ဆိုကြ၏။
4 မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုကြသောအခါ ငါသည်ရေးမှတ်မည်ပြုစဉ် ကောင်းကင်မှအသံက “မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုသောအရာများကို တံဆိပ်ခတ်ထားလော့။ ၎င်းတို့ကိုရေးမှတ်မထားနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။
5 ထိုအခါ ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေသည်ကို ငါမြင်ရသောကောင်းကင်တမန်က မိမိ၏လက်ယာလက်ကို ကောင်းကင်သို့မြှောက်လျက်
6 ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူပြီး ကောင်းကင်နှင့် ကောင်းကင်၌ရှိသောအရာများကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီးပေါ်၌ရှိသောအရာများကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ရှိသောအရာများကိုလည်းကောင်း ဖန်ဆင်းတော်မူသောအရှင်ကို တိုင်တည်၍ “အချိန်ကာလကြာညောင်းတော့မည်မဟုတ်။
7 သတ္တမကောင်းကင်တမန်မှုတ်ရမည့် တံပိုးခရာမှုတ်သံမြည်သောနေ့ရက်ကာလ၌ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာသည် မိမိအစေအပါးပရောဖက်တို့အား ပြောကြားခဲ့သည့်အတိုင်း ပြည့်စုံခြင်းသို့ရောက်လိမ့်မည်”ဟု ဆို၏။
8 ထို့နောက် ငါကြားခဲ့ရသောကောင်းကင်မှအသံက “ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေသော ကောင်းကင်တမန်၏လက်၌ရှိသည့် ဖွင့်ထားသောစာလိပ်ကို သွား၍ယူလော့”ဟု ငါ့အား တစ်ဖန် မြွက်ဆိုလေ၏။
9 ထို့ကြောင့် ငါသည် ထိုကောင်းကင်တမန်ထံသို့သွား၍ စာလိပ်ငယ်ကို ငါ့အားပေးရန် တောင်းခံသောအခါ သူက “စာလိပ်ကိုယူ၍ စားလိုက်လော့။ ၎င်းသည် သင်၏ဝမ်းထဲ၌ခါးသော်လည်း သင်၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်”ဟု ငါ့အားမြွက်ဆို၏။