1 ထို့နောက် ဦးချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသောသားရဲတစ်ကောင်သည် ပင်လယ်ထဲမှတက်လာသည်ကို ငါမြင်ရ၏။ ထိုဦးချိုများပေါ်တွင် သရဖူဆယ်ခုရှိ၍ ၎င်း၏ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသောအမည်နာမများရှိ၏။
2 ငါမြင်ရသောထိုသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝက်ဝံခြေကဲ့သို့ဖြစ်ပြီး သူ၏ပါးစပ်သည် ခြင်္သေ့ပါးစပ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ၏တန်ခိုး၊ မိမိ၏ပလ္လင်နှင့် ကြီးမားသောအခွင့်အာဏာကို သူ့အားပေးအပ်လေ၏။
3 ထိုသားရဲ၏ခေါင်းတစ်လုံးသည် သေအောင်သတ်ဖြတ်ခြင်းခံရပြီးသကဲ့သို့ဖြစ်သော်လည်း ထိုသေစေသောဒဏ်ရာသည် ပျောက်ကင်းသွားလေ၏။ ထိုအခါ တစ်ကမ္ဘာလုံးသည်အံ့ဩလျက် ထိုသားရဲနောက်သို့လိုက်ကြ၏။
4 ထို့ပြင် နဂါးသည် သားရဲအား အခွင့်အာဏာကိုပေးအပ်သဖြင့် သူတို့သည် နဂါးကိုကိုးကွယ်ကြ၏။ သူတို့က “မည်သူသည် သားရဲနှင့်တူသနည်း။ မည်သူသည် သူ့ကို တိုက်ခိုက်နိုင်သနည်း”ဟု ဆိုလျက် သားရဲကိုလည်းကိုးကွယ်ကြ၏။
5 ထိုသားရဲသည် လေလုံးထွား၍ ဘုရားသခင်ကိုစော်ကားပြောဆိုတတ်သောနှုတ်ကိုရရှိလျက် လေးဆယ့်နှစ်လတိုင်တိုင် အာဏာလွှမ်းရသောအခွင့်ကိုရရှိ၏။
6 ထိုအခါ သူသည် မိမိနှုတ်ကိုဖွင့်၍ ဘုရားသခင်ကိုစော်ကားပြောဆိုသောစကားများကိုပြောဆိုလျက် ကိုယ်တော်၏နာမတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တဲတော်ကိုလည်းကောင်း၊ ကောင်းကင်၌စံမြန်းသောသူတို့ကိုလည်းကောင်း စော်ကားပြောဆိုလေ၏။
7 သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတိုအား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။