ဗျာ​ဒိတ်​ကျမ်း 14:1-7 MSB

1 ထို့​နောက် ငါ​ကြည့်​လိုက်​ရာ သိုး​သ​ငယ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​တွင်​ရပ်​နေ​၏။ သိုး​သ​ငယ်​တော်​၏​နာ​မ​နှင့် ခ​မည်း​တော်​၏​နာ​မ​တို့​ကို မိ​မိ​တို့​န​ဖူး​၌​ရေး​ထား​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည်​လည်း သူ​နှင့်​အ​တူ​ရှိ​ကြ​၏။

2 ထို့​နောက် များ​စွာ​သော​ရေ​ဟုန်​၏​အ​သံ​နှင့်​လည်း​ကောင်း၊ ကျယ်​လောင်​သော​မိုး​ကြိုး​သံ​နှင့်​လည်း​ကောင်း တူ​သည့် ကောင်း​ကင်​မှ​အ​သံ​ကို ငါ​ကြား​ရ​၏။ ငါ​ကြား​ရ​သော​ထို​အ​သံ​သည် စောင်း​သ​မား​များ မိ​မိ​တို့​စောင်း​များ​တီး​ခတ်​နေ​သည့်​အ​သံ​နှင့်​လည်း​တူ​၏။

3 သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်း​ကောင်း၊ သတ္တ​ဝါ​လေး​ပါး​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​၏​ရှေ့​၌​လည်း​ကောင်း သီ​ချင်း​သစ်​ကို​သီ​ဆို​ကြ​၏။ မြေ​ကြီး​ပေါ်​မှ ရွေး​နုတ်​ဝယ်​ယူ​ခြင်း​ခံ​ရ​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​မှ​တစ်​ပါး မည်​သူ​က​မျှ ထို​သီ​ချင်း​ကို​မ​သင်​ယူ​နိုင်​ပေ။

4 ထို​သူ​တို့​သည် မိန်း​မ​များ​အား​ဖြင့် ညစ်​ညူး​စေ​ခြင်း​မ​ခံ​ခဲ့​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် လူ​ပျို​စစ်​စစ်​ဖြစ်​ကြ​၏။ သူ​တို့​သည် သိုး​သ​ငယ်​တော်​သွား​လေ​ရာ​သို့​လိုက်​ပါ​သော​သူ​များ​ဖြစ်​ကြ​ပြီး ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​တော်​တို့​အ​တွက် အ​သီး​ဦး​အ​ဖြစ် လူ​တို့​အ​ထဲ​မှ ရွေး​နုတ်​ဝယ်​ယူ​ခြင်း​ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

5 သူ​တို့​၏​နှုတ်​၌ မု​သား​မ​ရှိ။ သူ​တို့​သည် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သူ​များ​ဖြစ်​ကြ​၏။

6 ထို့​နောက် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​အ​လယ်​၌​ပျံ​သန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင်​ကြ​သူ​များ​တည်း​ဟူ​သော တိုင်း​နိုင်​ငံ၊ မျိုး​နွယ်​စု၊ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော လူ​မျိုး​အ​သီး​သီး​တို့​အား ဟော​ပြော​ရန် ထာ​ဝ​ရ​တည်​သည့်​ကောင်း​မြတ်​သော​သ​တင်း​ကို​ယူ​ဆောင်​လာ​၏။

7 သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “ဘု​ရား​သ​ခင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန် ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​လျက် ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​စမ်း​ရေ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့”​ဟု ကြွေး​ကြော်​လေ​၏။