7 သူသည် ကျယ်လောင်သောအသံဖြင့် “ဘုရားသခင်တရားစီရင်တော်မူရာအချိန် ကျရောက်လာပြီဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့လျက် ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်စမ်းရေတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့”ဟု ကြွေးကြော်လေ၏။
8 ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။
9 တစ်ဖန် တတိယကောင်းကင်တမန်သည် သူတို့နောက်မှလိုက်လာ၍ ကျယ်လောင်သောအသံဖြင့် “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်လျက် မိမိနဖူးပေါ်တွင်ဖြစ်စေ၊ မိမိလက်ပေါ်တွင်ဖြစ်စေ သူ၏အမှတ်တံဆိပ်ကိုခံယူသောသူသည်
10 ဘုရားသခင်၏အမျက်တော်ခွက်၌ မည်သည့်အရာမျှမရောစပ်ဘဲလောင်းထည့်သည့် ကိုယ်တော်၏ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်၏ရှေ့မှောက်တွင် ကန့်နှင့်မီးတို့ထဲ၌ ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
11 သူတို့ခံရသည့်ညှဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ့အမည်၏အမှတ်တံဆိပ်ကိုခံယူသောသူသည် နေ့ရောညပါ သက်သာရာရလိမ့်မည်မဟုတ်”ဟု ကြွေးကြော်လေ၏။
12 ဤနေရာတွင် ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ယေရှု၌ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ထိန်းသော သန့်ရှင်းသူတို့၏သည်းခံခြင်းရှိ၏။
13 ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။