7 ယဇ်ပလ္လင်ကလည်း “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။
8 စတုတ္ထကောင်းကင်တမန်သည် သူ၏ဖလားကို နေပေါ်သို့သွန်းလောင်းသောအခါ နေသည် လူတို့အား မီးဖြင့်လောင်ရသောအခွင့်ကိုရ၏။
9 လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။
10 ပဉ္စမကောင်းကင်တမန်သည် သူ၏ဖလားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏နိုင်ငံသည် မှောင်မိုက်အတိဖြစ်သွား၍ လူတို့သည် နာကျင်ခြင်းဝေဒနာကြောင့် မိမိတို့လျှာကိုကိုက်ခဲကြ၏။
11 လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။
12 ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။
13 ထို့နောက် နဂါး၏ခံတွင်းမှလည်းကောင်း၊ သားရဲ၏ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်၏ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့် ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်လာသည်ကို ငါမြင်ရ၏။