ဗျာ​ဒိတ်​ကျမ်း 16:9-15 MSB

9 လူ​တို့​သည် ပြင်း​ထန်​သော​အ​ပူ​ရှိန်​ကြောင့် နေ​လောင်​ဒဏ်​ခံ​ရ​သ​ဖြင့် ဤ​ဘေး​ဒဏ်​များ​အ​ပေါ်​အ​ခွင့်​အာ​ဏာ​ရှိ​သော ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို စော်​ကား​ပြော​ဆို​၍ နောင်​တ​လည်း​မ​ရ၊ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​လည်း မ​ချီး​မွမ်း​ကြ​ပေ။

10 ပဉ္စ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို သား​ရဲ​၏​ပလ္လင်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ သား​ရဲ​၏​နိုင်​ငံ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​သွား​၍ လူ​တို့​သည် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကြောင့် မိ​မိ​တို့​လျှာ​ကို​ကိုက်​ခဲ​ကြ​၏။

11 လူ​တို့​သည် သူ​တို့​ခံ​ရ​သော​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့် သူ​တို့​၏​အ​နာ​စိမ်း​တို့​ကြောင့် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​၍ မိ​မိ​တို့​ပြု​သော​အ​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပေ။

12 ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် သူ​၏​ဖ​လား​ကို ကြီး​မား​သော​ယူ​ဖ​ရေး​တီး​မြစ်​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ အ​ရှေ့​ပြည်​မှ​ဘု​ရင်​များ​အ​တွက် လမ်း​ကို​ပြင်​ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်း​ခြောက်​သွား​လေ​၏။

13 ထို့​နောက် န​ဂါး​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ သား​ရဲ​၏​ခံ​တွင်း​မှ​လည်း​ကောင်း၊ ပ​ရော​ဖက်​အ​တု​အ​ယောင်​၏​ခံ​တွင်း​မှ​လည်း​ကောင်း ဖား​နှင့်​တူ​သည့် ညစ်​ညူး​သော​ဝိ​ညာဉ်​သုံး​ပါး ထွက်​လာ​သည်​ကို ငါ​မြင်​ရ​၏။

14 ထို​ဝိ​ညာဉ်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​သော နတ်​ဆိုး​တို့​၏​ဝိ​ညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ ဘု​ရင်​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကြီး​နှင့်​ဆိုင်​သော​စစ်​ပွဲ​အ​တွက်​စု​ဝေး​စေ​ရန် ထို​ဘု​ရင်​များ​ထံ​သို့ ထွက်​ခွာ​သွား​ကြ​၏။

15 (ကြည့်​ရှု​လော့။ ငါ​သည် သူ​ခိုး​ကဲ့​သို့​လာ​မည်။ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြင့်​သွား​လာ​၍ မိ​မိ​အ​ရှက်​ကို လူ​တို့​မြင်​ရ​သည့်​အ​ဖြစ်​မျိုး​မ​ရှိ​စေ​ရန် မိ​မိ​အ​ဝတ်​များ​ကို​ထိန်း​သိမ်း​လျက် သ​တိ​နှင့်​စောင့်​နေ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။)