4 ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။
5 သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။
6 ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။
7 ထိုအခါ ကောင်းကင်တမန်က “သင်သည် အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိသည့် သားရဲတို့၏လျှို့ဝှက်နက်နဲသောအချက်ကို သင့်အား ငါပြောပြမည်။
8 သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။
9 ဤနေရာတွင် ဉာဏ်ပညာပါသောအသိစိတ်ရှိရန်လိုအပ်၏။ ခေါင်းခုနစ်လုံးသည် ထိုမိန်းမထိုင်နေသောတောင်ခုနစ်လုံးဖြစ်ပြီး
10 ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီး တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။