12 ပေရဂံမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ရှိသောသူက ဤသို့မိန့်တော်မူ၏။
13 သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။
14 သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။
15 ထိုနည်းတူ သင်တို့၌ နိကောလဂိုဏ်းဝင်များ၏အယူဝါဒကို ခံယူကျင့်သုံးသောသူများလည်းရှိကြ၏။
16 ထို့ကြောင့် နောင်တရလော့။ သို့မဟုတ်လျှင် ငါသည် သင့်ထံသို့အလျင်အမြန်လာ၍ ငါ့ခံတွင်းမှသန်လျက်ဖြင့် သူတို့ကိုတိုက်ခိုက်မည်။
17 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
18 သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။