17 သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။
18 သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။
19 ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ သူတို့ကိုဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။
20 ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။
21 ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။
22 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏