2 သတိနှင့်စောင့်နေလော့။ သေလုနီးပါးဖြစ်နေသည့် ကျန်ရှိသောသူတို့ကို ခိုင်ခံ့မြဲမြံစေလော့။ အကြောင်းမူကား သင်၏လုပ်ဆောင်မှုများသည် ငါ၏ဘုရားသခင်ရှေ့တော်၌ ပြည့်စုံသည်ဟူ၍ ငါမတွေ့ရပေ။
3 ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။
4 သို့သော် သာဒိမြို့၌ မိမိတို့အဝတ်ကိုမညစ်ညူးစေသောသူ အနည်းငယ်ရှိ၏။ ထိုသူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကိုဝတ်လျက် ငါနှင့်အတူသွားလာကြရလိမ့်မည်။
5 အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။
6 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
7 ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။
8 သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ ကြည့်ရှုလော့။ မည်သူမျှမပိတ်နိုင်သောတံခါးကို သင်၏ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား သင်သည် ခွန်အားအနည်းငယ်သာရှိသော်လည်း ငါ၏နှုတ်ကပတ်တရားကိုလိုက်နာစောင့်ထိန်း၍ ငါ၏နာမကိုမငြင်းပယ်ခဲ့ချေ။