5 အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။
6 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
7 ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။
8 သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ ကြည့်ရှုလော့။ မည်သူမျှမပိတ်နိုင်သောတံခါးကို သင်၏ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား သင်သည် ခွန်အားအနည်းငယ်သာရှိသော်လည်း ငါ၏နှုတ်ကပတ်တရားကိုလိုက်နာစောင့်ထိန်း၍ ငါ၏နာမကိုမငြင်းပယ်ခဲ့ချေ။
9 ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။
10 သင်သည် သည်းခံခြင်းနှင့်ဆိုင်သော ငါ၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာမြေကြီးပေါ်၌နေထိုင်ကြသောသူတို့ကို စမ်းသပ်စစ်ဆေးရန်အတွက် ကမ္ဘာတစ်ခုလုံးအပေါ်သို့ သက်ရောက်လာတော့မည့် စမ်းသပ်စစ်ဆေးရာကာလတွင် ငါသည်လည်း သင့်ကိုစောင့်ရှောက်မည်။
11 ငါသည် အလျင်အမြန်လာမည်။ သင်၏သရဖူကို မည်သူမျှမလုယူစေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့။