6 ထို့ပြင် ပလ္လင်တော်ရှေ့၌ ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ပလ္လင်တော်၏အလယ်နှင့် ပလ္လင်တော်ပတ်လည်၌ကား ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများဖြင့်ပြည့်နေသောသတ္တဝါလေးပါးရှိ၏။
7 ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၍ ဒုတိယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါကား လူနှင့်တူသောမျက်နှာရှိ၍ စတုတ္ထသတ္တဝါသည် ပျံသန်းနေသောလင်းယုန်နှင့်တူ၏။
8 ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
9 ထိုသို့ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်၏ ဘုန်းတော်၊ ဂုဏ်တော်နှင့် ကျေးဇူးတော်တို့ကို သတ္တဝါလေးပါးတို့သည် ချီးမွမ်းကြသောအခါ
10 သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏ရှေ့၌ ပျပ်ဝပ်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်ကိုရှိခိုးကာ မိမိတို့၏သရဖူများကို ပလ္လင်တော်ရှေ့တွင်ချထားပြီးလျှင်
11 “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသဖြင့် ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အားဖြင့်ဖြစ်တည်၍ ဖန်ဆင်းခြင်းခံရပြီဖြစ်သောကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်နှင့် တန်ခိုးတော်တို့ကို ခံယူထိုက်တော်မူ၏”ဟု ဆိုကြ၏။