ဗျာ​ဒိတ်​ကျမ်း 5:10-14 MSB

10 သူ​တို့​ကို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​အ​တွက် နိုင်​ငံ​တော်​တစ်​ခု​နှင့် ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် သူ​တို့​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အုပ်​စိုး​ကြ​ရ​လိမ့်​မည်”​ဟု ဆို​ကြ​၏။

11 ထို့​နောက် ငါ​ကြည့်​လိုက်​ရာ ပလ္လင်​တော်၊ သတ္တ​ဝါ​လေး​ပါး​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​၏​ပတ်​ဝန်း​ကျင်​မှ များ​စွာ​သော​ကောင်း​ကင်​တ​မန်​တို့​၏​အ​သံ​ကို​ကြား​ရ​၏။ သူ​တို့​၏​အ​ရေ​အ​တွက်​သည် သိန်း​သန်း​ကု​ဋေ​ရှိ​၏။

12 သူ​တို့​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သိုး​သ​ငယ်​တော်​သည် တန်​ခိုး၊ စည်း​စိမ်၊ ဉာဏ်​ပ​ညာ၊ အ​စွမ်း​သတ္တိ၊ ဂုဏ်​သ​ရေ၊ ဘုန်း​အ​သ​ရေ​နှင့် ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​ယူ​ထိုက်​သော​အ​ရှင်​ဖြစ်​ပါ​၏”​ဟု ကြွေး​ကြော်​ကြ​၏။

13 ထို့​ပြင် ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​နှင့်​ပင်​လယ်​ထဲ​၌​လည်း​ကောင်း ရှိ​ကြ​သော သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ခပ်​သိမ်း​သော​အ​ရာ​တို့​က “ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​သ​ရေ၊ ဘုန်း​အ​သ​ရေ​နှင့် တန်​ခိုး​အ​ရှိန်​အ​ဝါ​တို့​သည် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​နှင့် သိုး​သ​ငယ်​တော်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ရှိ​ပါ​စေ​သော”​ဟု ကြွေး​ကြော်​ကြ​သည်​ကို ငါ​ကြား​ရ​၏။

14 ထို​အ​ခါ သတ္တ​ဝါ​လေး​ပါး​တို့​က “အာ​မင်”​ဟု ဆို​ကြ​၏။ သက်​ကြီး​ဝါ​ကြီး​တို့​သည်​လည်း ပျပ်​ဝပ်​လျက်​ရှိ​ခိုး​ကြ​၏။