9 ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
10 သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးကြရလိမ့်မည်”ဟု ဆိုကြ၏။
11 ထို့နောက် ငါကြည့်လိုက်ရာ ပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ပတ်ဝန်းကျင်မှ များစွာသောကောင်းကင်တမန်တို့၏အသံကိုကြားရ၏။ သူတို့၏အရေအတွက်သည် သိန်းသန်းကုဋေရှိ၏။
12 သူတို့သည် ကျယ်လောင်သောအသံဖြင့် “အသေသတ်ခြင်းခံရသောသိုးသငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် ကောင်းချီးမင်္ဂလာတို့ကိုခံယူထိုက်သောအရှင်ဖြစ်ပါ၏”ဟု ကြွေးကြော်ကြ၏။
13 ထို့ပြင် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့်ပင်လယ်ထဲ၌လည်းကောင်း ရှိကြသော သတ္တဝါအပေါင်းတို့နှင့် ခပ်သိမ်းသောအရာတို့က “ကောင်းချီးမင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် တန်ခိုးအရှိန်အဝါတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော”ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။
14 ထိုအခါ သတ္တဝါလေးပါးတို့က “အာမင်”ဟု ဆိုကြ၏။ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်လျက်ရှိခိုးကြ၏။