1 သိုးသငယ်တော်သည် သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်၌ နာရီဝက်ခန့်မျှ ဆိတ်ငြိမ်ခြင်းရှိ၏။
2 ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ သူတို့အား တံပိုးခရာခုနစ်ခုကိုပေးထား၏။
3 တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် နံ့သာပူဇော်ရာရွှေခွက်ကိုကိုင်လျက် ယဇ်ပလ္လင်အနားသို့လာ၍ရပ်လေရာ သန့်ရှင်းသူအပေါင်းတို့၏ဆုတောင်းချက်များနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့၌ရှိသည့် ရွှေယဇ်ပလ္လင်ပေါ်တွင်ဆက်ကပ်ရန် များစွာသောနံ့သာပေါင်းကို သူ့အားပေးလေ၏။
4 ထိုအခါ နံ့သာပေါင်း၏အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ဆုတောင်းချက်များနှင့်အတူ ကောင်းကင်တမန်၏လက်ထဲမှ ဘုရားသခင်၏ရှေ့တော်သို့တက်သွားလေ၏။
5 ထို့နောက် ထိုကောင်းကင်တမန်သည် နံ့သာပူဇော်ရာခွက်ကိုယူ၍ ၎င်းကို ယဇ်ပလ္လင်၏မီးနှင့်ပြည့်စေပြီးလျှင် မြေကြီးပေါ်သို့ပစ်ချလိုက်ရာ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လေ၏။
6 ထိုအခါ တံပိုးခရာခုနစ်ခုရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့သည် တံပိုးခရာကိုမှုတ်ရန် ပြင်ဆင်ကြ၏။
7 ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။