8 ဒုတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးတောက်လောင်နေသည့် ကြီးမားသောတောင်ကဲ့သို့သောအရာသည် ပင်လယ်ထဲသို့ပစ်ချခြင်းခံရ၏။ ထိုအခါ ပင်လယ်သုံးပုံတစ်ပုံသည် သွေးဖြစ်သွားသဖြင့်
9 ပင်လယ်၌ရှိသော သက်ရှိသတ္တဝါသုံးပုံတစ်ပုံသည် သေကြ၏။ သင်္ဘောများသုံးပုံတစ်ပုံသည်လည်း ဖျက်ဆီးခြင်းခံရကြ၏။
10 တတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးရှူးသဖွယ်တောက်လောင်နေသော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှကြွေကျ၍ မြစ်များ၏သုံးပုံတစ်ပုံအပေါ်နှင့် စမ်းရေတွင်းများအပေါ်သို့ ကျလေ၏။
11 ထိုကြယ်၏အမည်ကား ဒေါနဟူ၍ဖြစ်ပြီး ရေ၏သုံးပုံတစ်ပုံသည် ဒေါနကဲ့သို့ခါးသွား၏။ ရေခါးသဖြင့် ထိုရေကြောင့် များစွာသောလူတို့သည် သေကြ၏။
12 စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံ၊ ကြယ်များ၏သုံးပုံတစ်ပုံတို့သည် ထိပါးတိုက်ခိုက်ခြင်းခံရသဖြင့် ၎င်းတို့၏သုံးပုံတစ်ပုံသည် မှောင်မည်းသွားလေ၏။ နေ့၏သုံးပုံတစ်ပုံသည်လည်း အလင်းရောင်ကွယ်ပျောက်လျက် ညသည်လည်း ထိုနည်းတူဖြစ်၏။
13 ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။