19 ဤစကားတော်များကြောင့် ဂျူးလူမျိုးတို့ထဲတွင် ကွဲပြားခြင်းရှိကြပြန်၏။
20 သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
21 အခြားသောသူတို့က “ဤစကားတို့သည် နတ်ဆိုးပူးသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်မမြင်တို့ကိုမျက်စိမြင်စေနိုင်ပါမည်လော”ဟု ဆိုကြ၏။
22 ထိုစဉ်က ဂျေရုဆလင်မြို့၌ ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်ရှိ၏။ အချိန်ကား ဆောင်းကာလဖြစ်၏။
23 ယေရှုသည် ဗိမာန်တော်၌ရှိသော ရှောလမုန်မုခ်ဆောင်တွင် ကြွတော်မူစဉ်
24 ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် “သင်သည် အကျွန်ုပ်တို့၏စိတ်ကို မည်မျှကြာအောင် ဒွိဟဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်မှန်လျှင် အကျွန်ုပ်တို့အား အတိအလင်းပြောပါ”ဟု ဆိုကြ၏။
25 ယေရှုကလည်း “သင်တို့ကို ငါပြောခဲ့သော်လည်း သင်တို့မယုံကြည်ကြ။ ငါ့ခမည်းတော်၏နာမတော်အားဖြင့် ငါပြုနေသောအမှုများသည် ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။