ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11 MSB

ဗေ​သ​နိ​ရွာ​သား​လာ​ဇ​ရု​၏​သေ​ဆုံး​ခြင်း

1 ထို​အ​ခါ​၌ မာ​ရိ​နှင့်​သူ​၏​အစ်​မ​မာ​သ​တို့​နေ​ထိုင်​ရာ ဗေ​သ​နိ​ရွာ​မှ လာ​ဇ​ရု​ဆို​သူ​တစ်​ဦး​သည် နာ​မ​ကျန်း​ဖြစ်​နေ​၏။

2 ထို​မာ​ရိ​သည် သ​ခင်​ဘု​ရား​ကို​ဆီ​မွှေး​နှင့်​လိမ်း​၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​ဖြင့်​သုတ်​သော​သူ​ဖြစ်​ပြီး နာ​မ​ကျန်း​ဖြစ်​နေ​သော​လာ​ဇ​ရု​သည် သူ​၏​မောင်​ဖြစ်​၏။

3 ထို့​ကြောင့် ထို​ညီ​အစ်​မ​တို့​သည် ကိုယ်​တော်​ထံ​သို့ လူ​ကို​စေ​လွှတ်​၍ “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ချစ်​ခင်​တော်​မူ​သော​သူ​သည် နာ​မ​ကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်​ထား​ကြ​၏။

4 ယေ​ရှု​သည် ထို​အ​ကြောင်း​ကို​ကြား​လျှင် “ဤ​နာ​မ​ကျန်း​ဖြစ်​ခြင်း​သည် သေ​ခြင်း​သို့​ရောက်​စေ​ရန်​အ​တွက်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​အ​တွက်​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​သား​တော်​သည် ထို​အ​ခြင်း​အ​ရာ​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​စေ​ရန်​အ​တွက်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

5 ယေ​ရှု​သည် မာ​သ၊ သူ​၏​ညီ​မ​နှင့် လာ​ဇ​ရု​တို့​ကို ချစ်​တော်​မူ​၏။

6 သို့​ဖြစ်​၍ လာ​ဇ​ရု​နာ​မ​ကျန်း​ဖြစ်​သည်​ကို ကြား​တော်​မူ​သော​အ​ခါ မိ​မိ​နေ​သော​အ​ရပ်​၌ နှစ်​ရက် ထပ်​၍​နေ​တော်​မူ​၏။

7 ထို့​နောက် တ​ပည့်​တော်​တို့​အား “ယု​ဒ​နယ်​သို့ နောက်​တစ်​ဖန်​သွား​ကြ​စို့”​ဟု မိန့်​တော်​မူ​၏။

8 တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ ဂျူး​လူ​မျိုး​တို့​သည် မ​ကြာ​သေး​မီ​က​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာ​ကြံ​နေ​ကြ​ပါ​လျက်​နှင့် ထို​အ​ရပ်​သို့ နောက်​တစ်​ဖန်​ကြွ​တော်​မူ​မည်​လော”​ဟု လျှောက်​ကြ​၏။

9 ယေ​ရှု​က​လည်း “နေ့​အ​ချိန်​သည် တစ်​ဆယ့်​နှစ်​နာ​ရီ​ရှိ​သည်​မ​ဟုတ်​လော။ မည်​သူ​မ​ဆို နေ့​အ​ချိန်​၌​သွား​လာ​လျှင် ဤ​လော​က​၏​အ​လင်း​ကို​မြင်​ရ​သော​ကြောင့် ခ​လုတ်​မ​တိုက်​မိ​တတ်။

10 သို့​သော် ည​အ​ချိန်​၌​သွား​လာ​လျှင် သူ​၌​အ​လင်း​မ​ရှိ​သော​ကြောင့် ခ​လုတ်​တိုက်​မိ​တတ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

11 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် “ငါ​တို့​၏​မိတ်​ဆွေ​လာ​ဇ​ရု​သည် အိပ်​ပျော်​လေ​ပြီ။ သို့​ရာ​တွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်”​ဟု မိန့်​တော်​မူ​၏။

12 ထို​အ​ခါ တ​ပည့်​တော်​တို့​က “သ​ခင်​ဘု​ရား၊ သူ​အိပ်​ပျော်​ပြီ​ဆို​လျှင် သက်​သာ​ပါ​လိမ့်​မည်”​ဟု လျှောက်​ကြ​၏။

13 ယေ​ရှု​သည် လာ​ဇ​ရု​၏​သေ​ဆုံး​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သော်​လည်း အ​နား​ယူ​အိပ်​စက်​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​ထင်​မှတ်​ကြ​၏။

14 ထို့​ကြောင့် ယေ​ရှု​သည် သူ​တို့​အား အ​တိ​အ​လင်း​ပြော​ဆို​၍ “လာ​ဇ​ရု​သေ​ပြီ။

15 သို့​သော် သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ မည်​သို့​ပင်​ဖြစ်​စေ သူ့​ထံ​သို့​သွား​ကြ​စို့”​ဟု မိန့်​တော်​မူ​၏။

16 ထို​အ​ခါ ဒိ​ဒု​မု​ဟု​ခေါ်​သည့်​သော​မ​က “ကိုယ်​တော်​နှင့်​အ​တူ​အ​သေ​ခံ​ရန် ငါ​တို့​လည်း လိုက်​သွား​ကြ​စို့”​ဟု အ​ခြား​တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။

ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့်​အ​သက်

17 ယေ​ရှု​ရောက်​တော်​မူ​သော​အ​ခါ လာ​ဇ​ရု​ကို ဂူ​သွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့​ရှိ​တော်​မူ​၏။

18 ဗေ​သ​နိ​ရွာ​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး နှစ်​မိုင်​ခန့်​အ​ကွာ​၌​ရှိ​သည်​ဖြစ်​၍

19 များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် မာ​သ​နှင့်​မာ​ရိ​တို့​ကို သူ​တို့​၏​မောင်​အ​တွက်​နှစ်​သိမ့်​ရန် သူ​တို့​ထံ​သို့​ရောက်​နေ​ကြ​၏။

20 မာ​သ​သည် ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို​ကြား​သော​အ​ခါ ကိုယ်​တော်​ကို​ဆီး​ကြို​လေ​၏။ မာ​ရိ​မူ​ကား အိမ်​၌ ထိုင်​လျက်​နေ​၏။

21 မာ​သ​က ယေ​ရှု​အား “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​၌ ကိုယ်​တော်​ရှိ​တော်​မူ​ခဲ့​လျှင် ကျွန်​မ​၏​မောင်​သေ​ဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။

22 သို့​သော် ဘု​ရား​သ​ခင်​ထံ ကိုယ်​တော်​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း ယ​ခု​လည်း ကျွန်​မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။

23 ယေ​ရှု​က​လည်း “သင်​၏​မောင်​သည် ထ​မြောက်​မည်”​ဟု မိန့်​တော်​မူ​လျှင်

24 မာ​သ​က “နောက်​ဆုံး​သော​နေ့​တည်း​ဟူ​သော ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ သူ​ထ​မြောက်​မည်​ကို ကျွန်​မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

25 ယေ​ရှု​က​လည်း “ငါ​သည် ရှင်​ပြန်​ထ​မြောက်​ခြင်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အ​သက်​ရှင်​လိမ့်​မည်။

26 အ​သက်​ရှင်​နေ​လျက် ငါ့​ကို​ယုံ​ကြည်​သော​သူ​တိုင်း ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ​မ​သေ​ရ။ ဤ​အ​ရာ​ကို သင်​ယုံ​ကြည်​သ​လော”​ဟု မိန့်​တော်​မူ​၏။

27 မာ​သ​က “ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား။ ကိုယ်​တော်​သည် ဤ​လော​က​သို့​ကြွ​လာ​ရ​မည့် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ကျွန်​မ​ယုံ​ကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။

ယေ​ရှု​မျက်​ရည်​ကျ​တော်​မူ​ခြင်း

28 ထို​သို့​လျှောက်​ထား​ပြီး​နောက် မာ​သ​သည် ပြန်​သွား​၍ မိ​မိ​၏​ညီ​မ မာ​ရိ​ကို​ခေါ်​လျက် “ဆ​ရာ​ရောက်​လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်​တ​ဆိတ်​ပြော​လေ​၏။

29 မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ အ​လျင်​အ​မြန်​ထ​၍ ကိုယ်​တော်​ထံ​သို့​သွား​လေ​၏။

30 ယေ​ရှု​မူ​ကား ရွာ​ထဲ​သို့​မ​ဝင်​သေး​ဘဲ သူ့​အား မာ​သ​ဆီး​ကြို​ခဲ့​သော​အ​ရပ်​၌​ပင် ရှိ​တော်​မူ​၏။

31 အိမ်​၌ မာ​ရိ​နှင့်​အ​တူ​ရှိ​၍ သူ့​ကို​နှစ်​သိမ့်​နေ​သော​ဂျူး​လူ​မျိုး​တို့​သည် မာ​ရိ​အ​လျင်​အ​မြန်​ထ​၍ ထွက်​သွား​သည်​ကို​မြင်​ကြ​လျှင် ငို​ကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်​မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။

32 မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်​၍ ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​လျက် “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​၌ ကိုယ်​တော်​ရှိ​တော်​မူ​ခဲ့​လျှင် ကျွန်​မ​၏​မောင်​သေ​ဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

33 ယေ​ရှု​သည် မာ​ရိ​ငို​ကြွေး​နေ​သည်​ကို​လည်း​ကောင်း၊ လိုက်​လာ​သော​ဂျူး​လူ​မျိုး​တို့​သည်​လည်း ငို​ကြွေး​နေ​ကြ​သည်​ကို​လည်း​ကောင်း မြင်​တော်​မူ​လျှင် စိတ်​တော်​ထဲ​တွင်​ညည်း​တွား​လျက် ရင်​တွင်း​၌​မ​ငြိမ်​မ​သက်​ဖြစ်​ကာ

34 “သူ့​ကို​အ​ဘယ်​မှာ​သင်္ဂြိုဟ်​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။ သူ​တို့​က​လည်း “သ​ခင်​ဘု​ရား၊ ကြွ​၍​ကြည့်​ရှု​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

35 ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ​၏။

36 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “ကြည့်​ပါ။ လာ​ဇ​ရု​ကို အ​လွန်​ချစ်​ခင်​ပါ​သည်​တ​ကား”​ဟု ဆို​ကြ​၏။

37 သို့​သော် သူ​တို့​ထဲ​မှ​အ​ချို့​တို့​က “မျက်​မ​မြင်​ကို​မျက်​စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာ​ဇ​ရု​ကို​လည်း​မ​သေ​စေ​ရန် မ​တတ်​နိုင်​သ​လော”​ဟု ဆို​ကြ​၏။

လာ​ဇ​ရု​ကို​ထ​မြောက်​စေ​ခြင်း

38 ထို့​နောက် ယေ​ရှု​သည် နောက်​တစ်​ဖန် ရင်​တွင်း​၌ ညည်း​တွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို​သင်္ချိုင်း​ဂူ​သည် ကျောက်​လိုဏ်​ဂူ​ဖြစ်​ပြီး အ​ဝင်​ဝ​ကို ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။

39 ယေ​ရှု​က “ကျောက်​တုံး​ကို​ဖယ်​ရှား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သေ​ဆုံး​သော​သူ​၏​အစ်​မ မာ​သ​က “သ​ခင်​ဘု​ရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​၍ ယ​ခု​ဆို​လျှင် အ​နံ့​ထွက်​နေ​ပါ​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

40 ယေ​ရှု​က​လည်း “သင်​ယုံ​ကြည်​လျှင် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်​မည်​ဟူ​၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။

41 ထို့​ကြောင့် လူ​တို့​သည် ကျောက်​တုံး​ကို​ဖယ်​ရှား​ကြ​၏။ ထို​အ​ခါ ယေ​ရှု​သည် အ​ထက်​သို့​မော်​ကြည့်​လျက် “အို အ​ဖ၊ အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​ကို နား​ညောင်း​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ကို​ကျေး​ဇူး​တင်​ပါ​၏။

42 ကိုယ်​တော်​သည် အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို အ​စဉ်​နား​ညောင်း​တော်​မူ​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင် ဤ​သို့​တောင်း​လျှောက်​ခြင်း​မှာ ဝိုင်း​ရံ​လျက်​ရှိ​သော​လူ​ထု​ပ​ရိ​သတ်​အ​တွက်​ဖြစ်​ပြီး အ​ကျွန်ုပ်​ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း သူ​တို့​ယုံ​ကြည်​ကြ​စေ​ရန်​အ​တွက်​ဖြစ်​ပါ​၏”​ဟု မြွက်​ဆို​တော်​မူ​၏။

43 ထို​သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက် ကျယ်​လောင်​သော​အ​သံ​ဖြင့် “လာ​ဇ​ရု၊ ထွက်​လာ​လော့”​ဟု ဟစ်​ခေါ်​တော်​မူ​၏။

44 ထို​အ​ခါ သေ​လွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်​စ​ဖြင့်​ပတ်​စည်း​လျက် မျက်​နှာ​ကို​လည်း ပ​ဝါ​ဖြင့်​စည်း​ထား​သည့်​အ​တိုင်း ထွက်​လာ​၏။ ယေ​ရှု​က “သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်​ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်​မူ​၏။

ယေ​ရှု​ကို​သတ်​ရန်​ကြံ​စည်​ကြ​ခြင်း

45 ထို့​ကြောင့် မာ​ရိ​ထံ​သို့​လာ​၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​ရာ​တို့​ကို​မြင်​ရ​သည့် များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

46 သို့​သော် အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​တို့​ထံ​သို့​သွား​၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​ရာ​တို့​ကို ပြော​ကြား​ကြ​၏။

47 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် တ​ရား​လွှတ်​တော်​ကို​စု​ဝေး​စေ​၍ “ထို​သူ​သည် များ​စွာ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်​၍ ငါ​တို့​မည်​သို့​ပြု​ကြ​မည်​နည်း။

48 ထို​သူ​ကို ဤ​အ​တိုင်း​လွှတ်​ထား​လျှင် လူ​အား​လုံး​တို့​သည် သူ့​ကို​ယုံ​ကြည်​ကြ​လိမ့်​မည်။ ထို​အ​ခါ ရော​မ​လူ​မျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အ​ရပ်​ဌာ​န​နှင့်​တ​ကွ ငါ​တို့​၏​လူ​မျိုး​ကို​ပါ သိမ်း​ယူ​ကြ​လိမ့်​မည်”​ဟု ပြော​ဆို​ကြ​၏။

49 သို့​ရာ​တွင် သူ​တို့​ထဲ​မှ​တစ်​ဦး​ဖြစ်​ပြီး ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​က “သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ​မ​သိ​ကြ။

50 တစ်​မျိုး​သား​လုံး​ပျက်​စီး​သည်​ထက် လူ​တစ်​ဦး​က လူ​ထု​ကိုယ်​စား အ​သေ​ခံ​ခြင်း​သည် သင်​တို့​အ​တွက် ပို​၍​ကောင်း​သည်​ကို​လည်း သင်​တို့​မ​ဆင်​ခြင်​ကြ​ပါ​တ​ကား”​ဟု ဆို​၏။

51 သို့​သော် ဤ​စ​ကား​ကို မိ​မိ​ဆန္ဒ​အ​လျောက် သူ​ပြော​ဆို​သည်​မ​ဟုတ်။ သူ​သည် ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​နှင့်​အ​ညီ ယေ​ရှု​သည် ထို​လူ​မျိုး​အ​တွက် အ​သေ​ခံ​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်

52 ထို​လူ​မျိုး​အ​တွက်​သာ​မ​က ကွဲ​လွင့်​နေ​သော ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ကို တစ်​စု​တစ်​ဝေး​တည်း​ဖြစ်​စေ​ရန်​အ​တွက်​ပါ အ​သေ​ခံ​တော်​မူ​မည်​ဖြစ်​ကြောင်း ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​ဖြစ်​၏။

53 ထို့​ကြောင့် သူ​တို့​သည် ထို​နေ့​မှ​စ​၍ ကိုယ်​တော်​ကို​သတ်​ရန် တိုင်​ပင်​ကြံ​စည်​ကြ​၏။

54 သို့​ဖြစ်​၍ ယေ​ရှု​သည် ဂျူး​လူ​မျိုး​တို့​ထဲ​တွင် ထင်​ရှား​စွာ​မ​သွား​လာ​တော့​ဘဲ ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ တော​ကန္တာ​ရ​နှင့်​နီး​သော​အ​ရပ်​ဒေ​သ​၌​ရှိ​သည့် ဧ​ဖ​ရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီး​လျှင် တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို​မြို့​၌​နေ​တော်​မူ​၏။

55 ဂျူး​လူ​မျိုး​တို့​၏​ပ​သ​ခါ​ပွဲ​တော်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ များ​စွာ​သော​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​စေ​ရန် ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ ကျေး​လက်​ဒေ​သ​မှ ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​လာ​ကြ​၏။

56 သူ​တို့​သည် ယေ​ရှု​ကို​ရှာ​ရင်း ဗိ​မာန်​တော်​ထဲ​၌​ရပ်​လျက် “သင်​တို့​မည်​သို့​ထင်​ကြ​သ​နည်း။ သူ​သည် ဤ​ပွဲ​တော်​သို့ လုံး​ဝ​မ​လာ​ဘဲ​နေ​မည်​လော”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

57 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​မူ​ကား ကိုယ်​တော်​ကို​ဖမ်း​ဆီး​နိုင်​ရန်​အ​တွက် မည်​သူ​မ​ဆို ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သ​တင်း​ပေး​ရ​မည်​ဟု အ​မိန့်​ထုတ်​ထား​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21