ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6 MSB

လူ​ငါး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း

1 ထို့​နောက် ယေ​ရှု​သည် ဂါ​လိ​လဲ​ပင်​လယ် (တိ​ဗေ​ရိ​ပင်​လယ်) တစ်​ဖက်​ကမ်း​သို့ ကူး​တော်​မူ​၏။

2 များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည်​လည်း နာ​မ​ကျန်း​ဖြစ်​သူ​တို့​အ​ပေါ်​၌ ပြု​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

3 ယေ​ရှု​သည် တောင်​ပေါ်​သို့​တက်​သွား​၍ ထို​အ​ရပ်​၌ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။

4 ထို​အ​ချိန်​သည် ဂျူး​လူ​မျိုး​တို့​၏​ပွဲ​တော်​တည်း​ဟူ​သော ပ​သ​ခါ​ပွဲ​တော်​နီး​ကပ်​သည့်​အ​ချိန်​ဖြစ်​၏။

5 ယေ​ရှု​သည် မျှော်​ကြည့်​၍ မိ​မိ​ထံ​သို့ အ​လွန်​များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်​မူ​လျှင် ဖိ​လိပ္ပု​အား “ဤ​သူ​တို့​စား​ရန် မုန့်​ကို အ​ဘယ်​က​ဝယ်​ကြ​မည်​နည်း”​ဟု မေး​တော်​မူ​၏။

6 ဤ​သည်​ကား ဖိ​လိပ္ပု​ကို​စမ်း​သပ်​လို​၍ မေး​တော်​မူ​ခြင်း​သာ​ဖြစ်​ပြီး မိ​မိ​မည်​သို့​ပြု​မည်​ကို သိ​နှင့်​ပြီ​ဖြစ်​၏။

7 ဖိ​လိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေ​နာ​ရိ​နှစ်​ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံ​လောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။

8 တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သူ ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ​က

9 “ဤ​နေ​ရာ​တွင် မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့​သော် ဤ​မျှ​လောက်​များ​ပြား​သော​သူ​တို့​အ​တွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်​သို့​အ​ကျိုး​ထူး​မည်​နည်း”​ဟု လျှောက်​လေ​၏။

10 ယေ​ရှု​က “လူ​တို့​ကို​ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ (ထို​နေ​ရာ​၌ မြက်​ပင်​ထူ​ထပ်​လျက်​ရှိ​၏။) သို့​ဖြစ်​၍ အ​ရေ​အ​တွက်​အား​ဖြင့် ငါး​ထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။

11 ထို​အ​ခါ ယေ​ရှု​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​မှ ထိုင်​နေ​သော​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ ထို​နည်း​တူ ငါး​ကို​လည်း သူ​တို့​အ​လို​ရှိ​သ​လောက် ခွဲ​ဝေ​ပေး​တော်​မူ​၏။

12 ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သော​အ​ခါ ယေ​ရှု​က တ​ပည့်​တော်​တို့​အား “တစ်​စုံ​တစ်​ခု​မျှ အ​လ​ဟဿ​မ​ဖြစ်​စေ​ရန် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

13 တ​ပည့်​တော်​တို့​သည်​လည်း ကောက်​သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မု​ယော​မုန့်​ငါး​လုံး​မှ ကြွင်း​ကျန်​သည့်​အ​ကျိုး​အ​ပဲ့​များ​ကို တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

14 လူ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော ထို​နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​၍ “ဤ​သူ​သည် အ​မှန်​ပင် ဤ​လော​က​သို့​ကြွ​လာ​ရ​မည့် ထို​ပ​ရော​ဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

15 လူ​တို့​သည်​လာ​၍ မိ​မိ​ကို​အ​တင်း​ခေါ်​ဆောင်​သွား​ပြီး မင်း​မြှောက်​ရန် ကြံ​ရွယ်​နေ​ကြ​သည်​ကို ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် တစ်​ဖန် တောင်​ပေါ်​သို့ တစ်​ကိုယ်​တည်း​ထွက်​သွား​တော်​မူ​၏။

ရေ​ပေါ်​၌​လမ်း​လျှောက်​တော်​မူ​ခြင်း

16 ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ပင်​လယ်​သို့​ဆင်း​သွား​၍

17 လှေ​ပေါ်​တက်​ပြီး​လျှင် ပင်​လယ်​တစ်​ဖက်​ကမ်း​ရှိ က​ပေ​ရ​နောင်​မြို့​သို့ ကူး​သွား​ကြ​၏။ မိုး​ချုပ်​ပြီ​ဖြစ်​သော်​လည်း ယေ​ရှု​သည် သူ​တို့​ထံ​သို့​မ​ရောက်​လာ​သေး။

18 ပင်​လယ်​၌​လည်း လေ​ပြင်း​တိုက်​လျက်​နေ​သ​ဖြင့် လှိုင်း​တံ​ပိုး​များ​ထ​လာ​၏။

19 သုံး​လေး​မိုင်​ခန့်​လှော်​ခတ်​ပြီး​သော​အ​ခါ ပင်​လယ်​ပေါ်​တွင် ယေ​ရှု​လမ်း​လျှောက်​လျက် လှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို တ​ပည့်​တော်​တို့​မြင်​၍ ကြောက်​ရွံ့​ကြ​၏။

20 သို့​သော် ကိုယ်​တော်​က “မ​ကြောက်​ကြ​နှင့်၊ ငါ​ပင်​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​၏။

21 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အား​ရ​ဝမ်း​မြောက်​လျက် ကိုယ်​တော်​ကို လှေ​ပေါ်​သို့​ခေါ်​ဖိတ်​လက်​ခံ​ကြ​ရာ လှေ​သည် သူ​တို့​သွား​ရန်​ရည်​ရွယ်​ထား​သည့်​အ​ရပ်​သို့ ချက်​ချင်း​ရောက်​လေ​၏။

အ​သက်​မုန့်

22 နောက်​တစ်​နေ့​၌ ပင်​လယ်​တစ်​ဖက်​ကမ်း​တွင် နေ​ရစ်​သော​လူ​ထု​ပ​ရိ​သတ်​သည် ထို​အ​ရပ်​၌ လှေ​ငယ်​တစ်​စင်း​မှ​လွဲ​၍ အ​ခြား​လှေ​မ​ရှိ​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ထို​လှေ​၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ​မ​လိုက်​မ​ပါ​ဘဲ တ​ပည့်​တော်​တို့​သာ ထွက်​သွား​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ပြု​မိ​ကြ​၏။

23 သို့​သော် တိ​ဗေ​ရိ​မြို့​မှ အ​ခြား​လှေ​ငယ်​များ​သည် သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ချီး​မွမ်း​၍ လူ​များ​မုန့်​ကို​စား​ခဲ့​ရာ​အ​ရပ်​အ​နီး​သို့ ရောက်​လာ​ကြ​သော​အ​ခါ

24 လူ​ထု​ပ​ရိ​သတ်​သည် ထို​အ​ရပ်​၌ ယေ​ရှု​မှ​စ​၍​တ​ပည့်​တော်​တို့​ပါ မ​ရှိ​ကြောင်း​ကို​သိ​မြင်​သ​ဖြင့် ထို​လှေ​ငယ်​များ​ပေါ်​တက်​ပြီး​လျှင် ယေ​ရှု​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။

25 ပင်​လယ်​တစ်​ဖက်​ကမ်း​တွင် ကိုယ်​တော်​ကို​တွေ့​ကြ​သော​အ​ခါ သူ​တို့​က “ရဗ္ဗိ၊ ဤ​အ​ရပ်​သို့ မည်​သည့်​အ​ချိန်​က ကြွ​ရောက်​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

26 ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​ငါ့​ကို​ရှာ​ကြ​သည်​မှာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​မြင်​ရ​သော​ကြောင့်​မ​ဟုတ်။ မုန့်​ကို​စား​၍​ဝ​သော​ကြောင့်​သာ​ဖြစ်​၏။

27 ပျက်​စီး​တတ်​သော​အ​စား​အ​စာ​အ​တွက်​မ​ဟုတ်​ဘဲ လူ့​သား​သည် သင်​တို့​ကို​ပေး​မည့် ထာ​ဝ​ရ​အ​သက်​တိုင်​အောင်​တည်​မြဲ​သော​အ​စား​အ​စာ​အ​တွက် လုပ်​ဆောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​ဘု​ရား​သည် ထို​လူ့​သား​ကို တံ​ဆိပ်​ခတ်​နှိပ်​တော်​မူ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

28 သူ​တို့​က​လည်း “ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ရာ​ကို ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​ကြ​၏။

29 ယေ​ရှု​က “ဘု​ရား​သ​ခင်​၏​အ​မှု​တော်​မှာ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

30 သူ​တို့​က​လည်း “သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​မြင်​၍ ကိုယ်​တော်​ကို​ယုံ​ကြည်​နိုင်​ရန် မည်​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ကိုယ်​တော်​ပြု​တော်​မူ​မည်​နည်း။ မည်​သည့်​အ​မှု​ကို ဆောင်​ရွက်​ပေး​တော်​မူ​မည်​နည်း။

31 ကျမ်း​စာ​၌ ‘ကောင်း​ကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်​မူ​၏’​ဟူ​၍ ရေး​ထား​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည် တော​ကန္တာ​ရ​တွင် မန္န​ကို​စား​ကြ​ရ​သည်”​ဟု လျှောက်​ကြ​၏။

32 ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကောင်း​ကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မော​ရှေ​မ​ဟုတ်။ ငါ့​ခ​မည်း​တော်​က​သာ ကောင်း​ကင်​မှ​စစ်​မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ​၏။

33 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​မုန့်​သည် ကောင်း​ကင်​မှ​ဆင်း​သက်​၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

34 ထို​အ​ခါ သူ​တို့​က “သ​ခင်​ဘု​ရား၊ ထို​မုန့်​ကို အ​ကျွန်ုပ်​တို့​အား အ​စဉ်​ပေး​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

35 ယေ​ရှု​က​လည်း “ငါ​သည် အ​သက်​မုန့်​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ ဆာ​လောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည်​လည်း မည်​သည့်​အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။

36 သို့​ရာ​တွင် သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။

37 ငါ့​အား​ခ​မည်း​တော်​ပေး​တော်​မူ​သော​သူ​မှန်​သ​မျှ​သည် ငါ့​ထံ​သို့​လာ​မည်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်​သည့်​အ​ခါ​မျှ​နှင်​ထုတ်​မည်​မ​ဟုတ်။

38 အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​အ​လို​ကို ဆောင်​ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​ရန် ကောင်း​ကင်​မှ​ဆင်း​သက်​၏။

39 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကား ငါ့​ထံ​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သ​မျှ​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ဦး​ကို​မျှ ငါ​မ​ဆုံး​ရှုံး​ဘဲ နောက်​ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထ​မြောက်​စေ​ရန်​ဖြစ်​၏။

40 အ​မှန်​စင်​စစ် ငါ့​ခ​မည်း​တော်​၏​အ​လို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံ​ကြည်​သော​သူ​တိုင်း ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထ​မြောက်​စေ​မည်”​ဟု မိန့်​တော်​မူ​၏။

ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်

41 ယေ​ရှု​က “ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​က

42 “ဤ​သူ​သည် ယော​သပ်​၏​သား​ယေ​ရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိ​ခင်​နှင့်​ဖ​ခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယ​ခု သူ​သည် အ​ဘယ်​ကြောင့် ‘ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​၏’​ဟု ဆို​ရ​သ​နည်း”​ဟူ​၍ ကိုယ်​တော့်​အ​ကြောင်း​ကို မ​ကျေ​မ​နပ်​ပြော​ဆို​ကြ​၏။

43 ယေ​ရှု​က​လည်း “အ​ချင်း​ချင်း​ကြား​တွင်​မ​ကျေ​မ​နပ်​ပြော​ဆို​မ​နေ​ကြ​နှင့်။

44 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ငင်​တော်​မ​မူ​လျှင် မည်​သူ​မျှ ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့​၌ ငါ​သည်​ထ​မြောက်​စေ​မည်။

45 ပ​ရော​ဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်​မည်’​ဟု ရေး​ထား​သည်​ဖြစ်​၍ ခ​မည်း​တော်​ထံ​၌ ကြား​နာ​ပြီး နည်း​ခံ​သော​သူ​တိုင်း​သည် ငါ့​ထံ​သို့​လာ​ကြ​၏။

46 ထို​သို့​ဆို​သော် တစ်​စုံ​တစ်​ယောက်​က ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော​သူ​တစ်​ဦး​တည်း​သာ​လျှင် ခ​မည်း​တော်​ကို​မြင်​ခဲ့​၏။

47 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​၏။

48 ငါ​သည် အ​သက်​မုန့်​ဖြစ်​၏။

49 သင်​တို့​၏​ဘိုး​ဘေး​များ​သည် တော​ကန္တာ​ရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေ​ဆုံး​သွား​ကြ​၏။

50 ဤ​မုန့်​ကား စား​သုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်​မည့်​အ​ကြောင်း ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏။

51 ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သည့် အ​သက်​ရှင်​သော​မုန့်​ဖြစ်​၏။ မည်​သူ​မ​ဆို ဤ​မုန့်​ကို​စား​လျှင် ကာ​လ​အ​စဉ်​အ​ဆက်​အ​သက်​ရှင်​မည်။ ငါ​ပေး​မည့်​မုန့်​ကား လော​ကီ​သား​တို့​၏​အ​သက်​အ​တွက် ငါ​စွန့်​သော​ငါ​၏​အ​သား​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

52 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “ဤ​သူ​သည် သူ့​အ​သား​ကို ငါ​တို့​စား​ရန် မည်​သို့​ပေး​နိုင်​မည်​နည်း”​ဟု အ​ချင်း​ချင်း​ငြင်း​ခုံ​ပြော​ဆို​ကြ​၏။

53 ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ လူ့​သား​၏​အ​သား​ကို​မ​စား၊ သူ​၏​သွေး​ကို​မ​သောက်​လျှင် သင်​တို့​၌​အ​သက်​မ​ရှိ။

54 ငါ​၏​အ​သား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်​ဆုံး​သော​နေ့​၌ ထ​မြောက်​စေ​မည်။

55 အ​ကြောင်း​မူ​ကား ငါ​၏​အ​သား​သည် စစ်​မှန်​သော​စား​စ​ရာ​ဖြစ်​ပြီး ငါ​၏​သွေး​သည် စစ်​မှန်​သော​သောက်​စ​ရာ​ဖြစ်​၏။

56 ငါ​၏​အ​သား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။

57 အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၍ ငါ​သည် ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သ​ကဲ့​သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အား​ဖြင့် အ​သက်​ရှင်​မည်။

58 ဤ​မုန့်​ကား ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​ပြီး သေ​ဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာ​လ​အ​စဉ်​အ​ဆက်​အ​သက်​ရှင်​မည်”​ဟု မိန့်​တော်​မူ​၏။

59 ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​၌ သွန်​သင်​တော်​မူ​စဉ် ဤ​အ​ကြောင်း​အ​ရာ​များ​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် မိန့်​တော်​မူ​၏။

တ​ပည့်​တော်​အ​များ​စု ယေ​ရှု​ကို​စွန့်​ခွာ​ခြင်း

60 တ​ပည့်​တော်​တို့​ထဲ​မှ​အ​များ​စု​သည် ကြား​လျှင် “ဤ​စ​ကား​သည် ပြင်း​ထန်​လှ​၏။ မည်​သူ​နား​ထောင်​နိုင်​မည်​နည်း”​ဟု ဆို​ကြ​၏။

61 ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ တ​ပည့်​တော်​တို့​မ​ကျေ​မ​နပ်​ပြော​ဆို​နေ​ကြ​သည်​ကို ယေ​ရှု​သည် အ​လို​အ​လျောက်​သိ​တော်​မူ​သ​ဖြင့် “ဤ​စ​ကား​ကြောင့် သင်​တို့​စိတ်​ပျက်​ကြ​သ​လော။

62 သို့​ဖြစ်​လျှင် လူ့​သား​သည် ယ​ခင်​နေ​ခဲ့​ရာ​အ​ရပ်​သို့​တက်​သွား​သည်​ကို သင်​တို့​မြင်​ရ​ပါ​မူ မည်​သို့​ဖြစ်​မည်​နည်း။

63 ဝိ​ညာဉ်​တော်​က​သာ အ​သက်​ရှင်​စေ​၏။ ကိုယ်​ကာ​ယ​သည် မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟော​ပြော​သော​စ​ကား​တို့​သည် ဝိ​ညာဉ်​ဖြစ်​ပြီး အ​သက်​လည်း​ဖြစ်​၏။

64 သို့​သော် သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကား မ​ယုံ​ကြည်​သော​သူ​တို့​သည် မည်​သူ​တို့​ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ မိ​မိ​ကို​အပ်​နှံ​မည့်​သူ​သည် မည်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း ယေ​ရှု​သည် အ​စ​အ​ဦး​က​ပင် သိ​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

65 ထို့​နောက် ကိုယ်​တော်​က “ဤ​အ​ကြောင်း​ကြောင့် ခ​မည်း​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​လျှင် မည်​သူ​မျှ ငါ့​ထံ​သို့​မ​လာ​နိုင်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ”​ဟူ​၍ မိန့်​တော်​မူ​၏။

66 ထို​အ​ချိန်​မှ​စ​၍ တ​ပည့်​တော်​တို့​ထဲ​မှ​အ​များ​စု​သည် ဆုတ်​ခွာ​သွား​ပြီး ကိုယ်​တော်​နှင့်​အ​တူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။

67 ထို​အ​ခါ ယေ​ရှု​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​အား “သင်​တို့​လည်း ထွက်​ခွာ​သွား​လို​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင်

68 ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ့​ထံ​သို့​သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​စ​ကား​တို့​သည် ကိုယ်​တော်​၌​သာ​ရှိ​ပါ​၏။

69 ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ကြောင်း​ကို​လည်း အ​ကျွန်ုပ်​တို့​ယုံ​ကြည်​သိ​ရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

70 ယေ​ရှု​က​လည်း “တစ်​ဆယ့်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​ပါ​လျက်​နှင့် သင်​တို့​ထဲ​မှ​တစ်​ဦး​သည် မာရ်​နတ်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

71 ဤ​သည်​ကား ရှိ​မုန်​၏​သား ယု​ဒ​ဣ​ရှ​ကာ​ရုတ်​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ သူ​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​လျက် ကိုယ်​တော်​ကို​အပ်​နှံ​ရန် ကြံ​ရွယ်​နေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21