1 ငါသည် စစ်မှန်သောစပျစ်ပင်ဖြစ်၏။ ငါ့ခမည်းတော်ကား ဥယျာဉ်မှူးဖြစ်တော်မူ၏။
2 ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍များစွာအသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။
3 သင်တို့သည် သင်တို့အား ငါဟောပြောသောတရားစကားအားဖြင့် စင်ကြယ်လျက်ရှိကြပြီ။
4 ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ကိုင်းသည် စပျစ်ပင်၌မတည်မနေလျှင် အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်မနေလျှင် အသီးမသီးနိုင်။
5 ငါသည် စပျစ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌တည်နေ၍ ငါသည်လည်း သူ၌တည်နေလျှင် ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှမပြုနိုင်ကြ။
6 မည်သူမဆို ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။
7 သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
8 သင်တို့သည် များစွာသောအသီးကိုသီးလျက် ငါ၏တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၏။
9 ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။
10 ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
11 သင်တို့၌ ငါ၏ဝမ်းမြောက်ခြင်းတည်နေ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်ဝစုံလင်မည့်အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏။
12 ငါ၏ပညတ်ချက်ကား ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့အချင်းချင်းချစ်ကြလော့ဟူ၍ ဖြစ်၏။
13 မိမိ၏မိတ်ဆွေများအတွက် ကိုယ့်အသက်ကိုစွန့်ခြင်းထက် ပို၍မြတ်သောချစ်ခြင်းမေတ္တာသည် မည်သူ၌မျှမရှိ။
14 သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
15 ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
16 သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
17 သင်တို့အချင်းချင်းချစ်ကြလော့ဟူသော ဤပညတ်ကို သင်တို့အား ငါပေး၏။
18 လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။
19 သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကီသားတို့သည် မိမိတို့နှင့်ဆိုင်သောသင်တို့ကို ချစ်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။
20 ‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။
21 သို့ရာတွင် သူတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုအမှုအရာအားလုံးတို့ကို ပြုကြလိမ့်မည်။
22 ငါသည်လာ၍ သူတို့အား မဟောပြောခဲ့လျှင် သူတို့၌အပြစ်မရှိ။ သို့သော် ယခုအခါ သူတို့သည် မိမိတို့၏အပြစ်အတွက် ဆင်ခြေပေး၍မရနိုင်ကြ။
23 ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်း၏။
24 အခြားမည်သူမျှ မပြုဖူးသောအမှုများကို သူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကိုမြင်ရလျက်နှင့်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။
25 ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။
26 ခမည်းတော်ထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီမစသူတည်းဟူသော ခမည်းတော်ထံမှလာသည့် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ ငါ့အကြောင်းကို သက်သေခံလိမ့်မည်။
27 သင်တို့သည်လည်း အစအဦးကပင် ငါနှင့်အတူရှိကြသောကြောင့် သက်သေခံကြလိမ့်မည်။