ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18 MSB

ယေ​ရှု​အပ်​နှံ​ခံ​ရ​ခြင်း

1 ယေ​ရှု​သည် ထို​သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက် တ​ပည့်​တော်​တို့​နှင့်​အ​တူ ကေ​ဒြုန်​ချောင်း​တစ်​ဖက်​သို့ ထွက်​သွား​တော်​မူ​၏။ ထို​အ​ရပ်​၌ ဥ​ယျာဉ်​တစ်​ခု​ရှိ​၍ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင်​တော်​မူ​၏။

2 ယေ​ရှု​သည် ထို​အ​ရပ်​တွင် တ​ပည့်​တော်​တို့​နှင့် မ​ကြာ​ခ​ဏ​စု​ဝေး​လေ့​ရှိ​သော​ကြောင့် ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ ယု​ဒ​သည်​လည်း ထို​အ​ရပ်​ကို​သိ​ထား​၏။

3 သို့​ဖြစ်​၍ ယု​ဒ​သည် တပ်​ဖွဲ့​တစ်​ဖွဲ့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​က စေ​လွှတ်​လိုက်​သော​အ​စောင့်​တပ်​သား​များ​ကို​လည်း​ကောင်း ခေါ်​ဆောင်​၍ ထို​အ​ရပ်​သို့​ရောက်​လာ​၏။ ထို​သူ​တို့​သည် မီး​အိမ်၊ မီး​ရှူး​နှင့် လက်​နက်​များ​ကို​ကိုင်​ဆောင်​ထား​ကြ​၏။

4 ယေ​ရှု​သည် မိ​မိ​၌​ဖြစ်​လာ​မည့်​အ​ရာ​အ​လုံး​စုံ​တို့​ကို သိ​နှင့်​တော်​မူ​သော​ကြောင့် ထွက်​လာ​၍ “မည်​သူ့​ကို​ရှာ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

5 သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်​တော်​က​လည်း “ငါ​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​၏။ ကိုယ်​တော်​ကို​အပ်​နှံ​သူ ယု​ဒ​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။

6 ထို​သို့ ကိုယ်​တော်​က “ငါ​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်​၌​လဲ​ကျ​ကြ​၏။

7 ထို့​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် သူ​တို့​အား “မည်​သူ့​ကို​ရှာ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။

8 ယေ​ရှု​က​လည်း “ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့​ဖြစ်​၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါ​လေ​စေ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9 ထို​သို့​မိန့်​တော်​မူ​သည်​မှာ “အ​ကျွန်ုပ်​ထံ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​တွင် မည်​သူ​မျှ အ​ကျွန်ုပ်​မ​ဆုံး​ရှုံး​ခဲ့​ပါ”​ဟု ကိုယ်​တော်​မြွက်​ဆို​ခဲ့​သော​စ​ကား ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

10 ထို​စဉ်​တွင် ရှိ​မုန်​ပေ​တ​ရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ယာ​ဘက်​နား​ရွက်​ပြတ်​သွား​လေ​၏။ ထို​အ​စေ​အ​ပါး​၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​၏။

11 ယေ​ရှု​က​လည်း “ဓား​ကို ဓား​အိမ်​ထဲ​သို့​ပြန်​သွင်း​လော့။ ငါ့​အား ခ​မည်း​တော်​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ဘဲ​နေ​ရ​မည်​လော”​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​၏။

ယေ​ရှု​ကို အန္နတ်​ထံ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း

12 ထို​အ​ခါ တပ်​ဖွဲ့​တစ်​ဖွဲ့၊ တပ်​မှူး​ကြီး​နှင့် ဂျူး​လူ​မျိုး​အ​စောင့်​တပ်​သား​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး​၍ ချည်​နှောင်​ကြ​ကာ

13 အန္နတ်​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။ အ​ကြောင်း​မူ​ကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။

14 ထို​က​ယာ​ဖ​သည် “လူ​တစ်​ဦး​က လူ​ထု​ကိုယ်​စား​အ​သေ​ခံ​ခြင်း​သည် ပို​၍​ကောင်း​၏”​ဟု ဂျူး​လူ​မျိုး​တို့​အား အ​ကြံ​ပေး​ခဲ့​သူ​ဖြစ်​၏။

ယေ​ရှု​ကို​ပေ​တ​ရု​ငြင်း​ပယ်​ခြင်း

15 ရှိ​မုန်​ပေ​တ​ရု​နှင့် အ​ခြား​တ​ပည့်​တော်​တစ်​ပါး​သည် ယေ​ရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တ​ပည့်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ ယေ​ရှု​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​ထဲ​သို့ ဝင်​လေ​၏။

16 ပေ​တ​ရု​မူ​ကား ခြံ​တံ​ခါး​အ​ပြင်​ဘက်​၌ ရပ်​နေ​၏။ ထို့​ကြောင့် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​သိ​ဖြစ်​သော ထို​တ​ပည့်​တော်​သည်​ထွက်​လာ​၍ တံ​ခါး​စောင့်​မိန်း​မ​အား​ပြော​ပြီး​လျှင် ပေ​တ​ရု​ကို အ​ထဲ​သို့​ခေါ်​သွား​လေ​၏။

17 ထို​အ​ခါ တံ​ခါး​စောင့်​ဖြစ်​သော ထို​အ​စေ​ခံ​မိန်း​မ​က ပေ​တ​ရု​အား “သင်​သည်​လည်း ထို​သူ​၏​တ​ပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေ​တ​ရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။

18 ထို​ကာ​လ​သည်​ချမ်း​အေး​သော​ကြောင့် အ​စေ​အ​ပါး​များ​နှင့် အ​စောင့်​တပ်​သား​တို့​သည် မီး​ခဲ​ဖို​ပြီး ရပ်​လျက်​မီး​လှုံ​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့်​အ​တူ​ရပ်​၍ မီး​လှုံ​နေ​၏။

ယေ​ရှ​ကို​အန္နတ်​စစ်​ဆေး​ခြင်း

19 ထို​စဉ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ယေ​ရှု​အား တ​ပည့်​တော်​တို့​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ သူ​၏​သွန်​သင်​ချက်​နှင့်​ပတ်​သက်​၍​လည်း​ကောင်း မေး​မြန်း​၏။

20 ယေ​ရှု​က​လည်း “ငါ​သည် လော​က​၌ ထင်​ရှား​စွာ​ဟော​ပြော​ခဲ့​၏။ ဂျူး​လူ​မျိုး​အ​ပေါင်း​တို့​စု​ဝေး​ရာ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​နှင့် ဗိ​မာန်​တော်​၌ အ​စဉ်​အ​မြဲ​သွန်​သင်​ခဲ့​၏။ မည်​သည့်​အ​ရာ​ကို​မျှ လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့​ပေ။

21 သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း။ လူ​တို့​အား မည်​သို့ ငါ​ဟော​ပြော​ခဲ့​သည်​ကို ကြား​နာ​သော​သူ​တို့​ထံ မေး​မြန်း​လော့။ ငါ​ပြော​ဆို​ခဲ့​သော​အ​ရာ​များ​ကို ထို​သူ​တို့​သိ​ကြ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

22 ထို​သို့​မိန့်​တော်​မူ​သော​အ​ခါ အ​နီး​၌​ရပ်​နေ​သော အ​စောင့်​တပ်​သား​တစ်​ဦး​က “ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရ​သ​လော”​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​ပုတ်​လေ​၏။

23 ယေ​ရှု​က​လည်း “ငါ​ပြော​သော​အ​ရာ​မ​မှန်​လျှင် မ​မှန်​သည့်​အ​ကြောင်း​ကို ထောက်​ပြ​လော့။ မှန်​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ငါ့​ကို​ရိုက်​သ​နည်း”​ဟု ထို​သူ​အား မိန့်​တော်​မူ​၏။

24 ထို့​နောက် အန္နတ်​သည် ကိုယ်​တော်​ကို​ချည်​နှောင်​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​ထံ​သို့ ပို့​လိုက်​၏။

ယေ​ရှု​ကို ပေ​တ​ရု​တစ်​ဖန်​ငြင်း​ပယ်​ခြင်း

25 ရှိ​မုန်​ပေ​တ​ရု​မူ​ကား ရပ်​လျက်​မီး​လှုံ​နေ​ဆဲ​ဖြစ်​၏။ ထို​အ​ခါ လူ​တို့​က “သင်​သည်​လည်း ထို​သူ​၏​တ​ပည့်​များ​ထဲ​မှ​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု မေး​ကြ​လျှင် ပေ​တ​ရု​က “မ​ဟုတ်​ပါ”​ဟု ငြင်း​ဆို​လေ​၏။

26 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ဖြစ်​ပြီး ပေ​တ​ရု​ခုတ်​၍ နား​ရွက်​ပြတ်​သော​သူ​၏​ဆွေ​မျိုး​လည်း​ဖြစ်​သူ​က “သင့်​ကို ထို​သူ​နှင့်​အ​တူ ဥ​ယျာဉ်​ထဲ​၌ ငါ​မြင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​လေ​၏။

27 ထို​အ​ခါ ပေ​တ​ရု​သည် ပြန်​၍​ငြင်း​ဆို​သည်​နှင့် ချက်​ချင်း​ပင် ကြက်​တွန်​လေ​၏။

ယေ​ရှု​ကို ပိ​လတ်​မင်း​ထံ ခေါ်​ဆောင်​သွား​ခြင်း

28 ထို့​နောက် သူ​တို့​သည် ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​ရုံး​တော်​သို့ ခေါ်​ဆောင်​သွား​ကြ​၏။ အ​ချိန်​ကား နံ​နက်​စော​စော​အ​ချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်​ညူး​ခြင်း​နှင့်​ကင်း​လွတ်​၍ ပ​သ​ခါ​ပွဲ​တော်​ကို​စား​နိုင်​ရန် ရုံး​တော်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။

29 ထို့​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အ​ပြင်​သို့ ထွက်​လာ​၍ “သင်​တို့​သည် ဤ​သူ​အ​ပေါ်​၌ မည်​သည့်​စွပ်​စွဲ​ချက်​ကို တင်​ကြ​သ​နည်း”​ဟု မေး​လေ​၏။

30 သူ​တို့​က​လည်း “ဤ​သူ​သည် အ​ပြစ်​ကျူး​လွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အ​ရှင့်​ထံ​သို့ အပ်​နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။

31 ထို​အ​ခါ ပိ​လတ်​မင်း​က “သင်​တို့​ကိုယ်​တိုင် သူ့​ကို​ခေါ်​သွား​၍ သင်​တို့​၏​ပ​ညတ်​တ​ရား​အ​တိုင်း စီ​ရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူ​မျိုး​တို့​က​လည်း “အ​ကျွန်ုပ်​တို့​၌ မည်​သူ့​ကို​မျှ ကွပ်​မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။

32 ဤ​သည်​ကား မိ​မိ​သည် မည်​သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အ​သေ​ခံ​ရ​မည်​ကို အ​ရိပ်​အ​မြွက်​မိန့်​တော်​မူ​ခဲ့​သော ယေ​ရှု​၏​စ​ကား​ပြည့်​စုံ​စေ​မည့်​အ​ကြောင်း​တည်း။

33 ထို့​ကြောင့် ပိ​လတ်​မင်း​သည် ရုံး​တော်​ထဲ​သို့ ပြန်​ဝင်​၍ ယေ​ရှု​ကို​ခေါ်​ပြီး​လျှင် “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု မေး​လေ​၏။

34 ယေ​ရှု​က “သင်​သည် ကိုယ့်​ဆန္ဒ​အ​လျောက် ဤ​သို့​မေး​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​တို့​သည် သင့်​အား ငါ့​အ​ကြောင်း​ကို ပြော​ကြ​သ​လော”​ဟု ပြန်​၍​မေး​တော်​မူ​၏။

35 ပိ​လတ်​မင်း​က “ငါ​သည် ဂျူး​လူ​မျိုး​ဖြစ်​သ​လော။ သင်​၏​အ​မျိုး​သား​ချင်း​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်​နှံ​ကြ​ပြီ။ သင်​မည်​သည့်​အ​ရာ​ကို​ပြု​မိ​သ​နည်း”​ဟု မေး​လေ​၏။

36 ယေ​ရှု​က “ငါ့​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ့​နိုင်​ငံ​သည် ဤ​လော​က​နှင့်​စပ်​ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူ​မျိုး​တို့​လက်​သို့ အပ်​နှံ​ခြင်း​မ​ခံ​ရ​ရန် ငါ့​လူ​တို့​သည် တိုက်​ခိုက်​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​သော် အ​မှန်​အား​ဖြင့် ငါ့​နိုင်​ငံ​သည် ဤ​နေ​ရာ​မှ​ဖြစ်​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

37 ထို့​ကြောင့် ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် သင်​သည် ဘု​ရင်​ပေ​လော”​ဟု ဆို​လျှင် ယေ​ရှု​က “သင်​ဆို​သည့်​အ​တိုင်း ငါ​သည်​ဘု​ရင်​ပေ​တည်း။ ငါ​သည် သမ္မာ​တ​ရား​ဘက်​၌​သက်​သေ​ခံ​ရန် မွေး​ဖွား​ခြင်း​ကို​ခံ​၍ ထို​အ​တွက်​ပင် ဤ​လော​က​သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သော​သူ​တိုင်း ငါ့​အ​သံ​ကို​နား​ထောင်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

38 ပိ​လတ်​မင်း​က “သမ္မာ​တ​ရား​ဆို​သည်​မှာ အ​ဘယ်​နည်း”​ဟု ဆို​ပြီး​လျှင် ဂျူး​လူ​မျိုး​တို့​ရှိ​ရာ​သို့ တစ်​ဖန်​ထွက်​သွား​၍ “ထို​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ ငါ​မ​တွေ့။

39 သို့​ရာ​တွင် ပ​သ​ခါ​ပွဲ​တော်​၌ လူ​တစ်​ဦး​ကို သင်​တို့​အ​တွက် ငါ​လွှတ်​ပေး​ရ​မည့်​ထုံး​စံ​ရှိ​သည်​ဖြစ်​၍ ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ကို သင်​တို့​အ​တွက် လွှတ်​ပေး​စေ​လို​သ​လော”​ဟု သူ​တို့​အား​မေး​လေ​၏။

40 ထို​အ​ခါ သူ​တို့​က “သူ့​ကို​မ​လွှတ်​ဘဲ ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု ပြန်​၍​အော်​ဟစ်​လျှောက်​ထား​ကြ​၏။ ဗာ​ရဗ္ဗ​ကား ဓား​ပြ​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21