ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20 MSB

ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း

1 ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့​၌ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည် မှောင်​လျက်​ရှိ​နေ​သေး​သော နံ​နက်​စော​စော​အ​ချိန်​တွင် သင်္ချိုင်း​တော်​သို့​ရောက်​လာ​ရာ ကျောက်​တုံး​အား ဂူ​ဝ​မှ ဖယ်​ရှား​ထား​ပြီး​ဖြစ်​သည်​ကို​မြင်​လေ​၏။

2 ထို့​ကြောင့် သူ​သည် ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ထံ​သို့ ပြေး​သွား​၍ “သ​ခင်​ဘု​ရား​ကို သင်္ချိုင်း​ဂူ​ထဲ​မှ သူ​တို့​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​လေ​၏။

3 ထို​အ​ခါ ပေ​တ​ရု​နှင့် ထို​အ​ခြား​တ​ပည့်​တော်​သည် ထွက်​လာ​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။

4 သူ​တို့​နှစ်​ဦး​သည် အ​တူ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​သည် ပေ​တ​ရု​ထက် လျင်​မြန်​စွာ​ပြေး​၍ သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သ​ဖြင့်

5 ငုံ့​ကြည့်​လိုက်​ရာ ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​မြင်​ရ​၏။ သို့​သော် သူ​သည် အ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။

6 ထို​အ​ခါ နောက်​မှ​လိုက်​လာ​သော ရှိ​မုန်​ပေ​တ​ရု​သည်​လည်း​ရောက်​လာ​၍ သင်္ချိုင်း​ဂူ​ထဲ​သို့​ဝင်​ပြီး​လျှင် ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​လည်း​ကောင်း၊

7 ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​ကို​ပတ်​စည်း​ထား​သော​ပ​ဝါ​သည် ပိတ်​ထည်​များ​နှင့်​အ​တူ​မ​ရှိ​ဘဲ တစ်​နေ​ရာ​တွင်​သီး​ခြား​လိပ်​ထား​သည်​ကို​လည်း​ကောင်း မြင်​လေ​၏။

8 ထို့​နောက် သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဝင်​လာ​၍ မြင်​သ​ဖြင့် ယုံ​ကြည်​လေ​၏။

9 (သူ​တို့​သည် သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​ရ​မည်​ဟူ​သော​ကျမ်း​ချက်​ကို နား​မ​လည်​ကြ​သေး။)

10 ထို့​နောက် ထို​တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။

မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​အား ကိုယ်​ထင်​ရှား​ပြ​တော်​မူ​ခြင်း

11 မာ​ရိ​မူ​ကား သင်္ချိုင်း​ဂူ​အ​ပြင်​၌ ငို​ကြွေး​လျက်​ရပ်​နေ​၏။ ထို​သို့​ငို​ကြွေး​ရင်း ဂူ​အ​တွင်း​သို့​ငုံ့​ကြည့်​လိုက်​ရာ

12 ဖြူ​သော​အ​ဝတ်​ကို​ဝတ်​ဆင်​သည့် ကောင်း​ကင်​တ​မန်​နှစ်​ပါး​သည် ယေ​ရှု​အ​လောင်း​တော်​လဲ​လျောင်း​ခဲ့​ရာ​အ​ရပ်​၏ ခေါင်း​ရင်း​၌​တစ်​ပါး၊ ခြေ​ရင်း​၌​တစ်​ပါး ထိုင်​နေ​ကြ​သည်​ကို မြင်​လေ​၏။

13 ထို​ကောင်း​ကင်​တ​မန်​တို့​က “အ​သင်​မိန်း​မ၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​သ​နည်း”​ဟု မေး​ကြ​လျှင် မာ​ရိ​က “ကျွန်​မ​၏​သ​ခင်​ဘု​ရား​ကို သူ​တို့​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​၏။

14 ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​ကြည့်​လိုက်​ရာ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​ကြောင်း​ကို​မ​သိ။

15 ယေ​ရှု​က​လည်း “အ​သင်​မိန်း​မ၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​သ​နည်း။ မည်​သူ့​ကို​ရှာ​နေ​သ​နည်း”​ဟု မေး​တော်​မူ​၏။ မာ​ရိ​သည် ကိုယ်​တော်​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု​ထင်​မှတ်​၍ “အ​ရှင်၊ အ​ရှင်​သည် သူ့​ကို​ယူ​သွား​ခဲ့​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ သူ့​ကို​ကျွန်​မ​ယူ​သွား​ပါ​မည်”​ဟု ဆို​လေ​၏။

16 ယေ​ရှု​က​လည်း “မာ​ရိ”​ဟု​ခေါ်​တော်​မူ​လျှင် မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် “ရဗ္ဗု​နိ”​ဟု​ထူး​လေ​၏။ (ရဗ္ဗု​နိ​အ​ဓိပ္ပာယ်​မှာ ဆ​ရာ​ဟူ​၍​ဖြစ်​၏။)

17 ယေ​ရှု​က​လည်း “ငါ​သည် ခ​မည်း​တော်​ထံ​သို့ မ​တက်​သွား​ရ​သေး​သ​ဖြင့် ငါ့​ကို​မ​ထိ​နှင့်​ဦး။ ငါ့​ညီ​အစ်​ကို​တို့​ထံ​သို့​သွား​၍ ‘ငါ့​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့​၏​ခ​မည်း​တော်၊ ငါ့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​သို့ ငါ​တက်​သွား​တော့​မည်’​ဟူ​၍ ပြော​ကြား​လော့”​ဟု မိန့်​တော်​မူ​၏။

18 မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည် သွား​၍ “သ​ခင်​ဘု​ရား​ကို ကျွန်​မ​တွေ့​မြင်​ခဲ့​ပြီ”​ဟု တ​ပည့်​တော်​တို့​အား​ဆို​ပြီး​လျှင် မိ​မိ​အား​မိန့်​မှာ​တော်​မူ​သော​အ​ရာ​များ​ကို​ပြော​ကြား​လေ​၏။

တ​ပည့်​တော်​တို့​အား ကိုယ်​ထင်​ရှား​ပြ​တော်​မူ​ခြင်း

19 ရက်​သတ္တ​ပတ်​တွင် ပ​ထ​မ​နေ့​ဖြစ်​သော ထို​နေ့​၏​ည​နေ​ချမ်း​အ​ချိန်​တွင် တ​ပည့်​တော်​တို့​သည် ဂျူး​လူ​မျိုး​တို့​ကို​ကြောက်​သ​ဖြင့် မိ​မိ​တို့​ရှိ​ရာ​နေ​ရာ​၌ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်​နေ​ကြ​ရာ ယေ​ရှု​သည်​ကြွ​လာ​၍ သူ​တို့​အ​လယ်​၌​ရပ်​တော်​မူ​ပြီး​လျှင် “သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

20 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် လက်​တော်​နှင့်​နံ​ဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ဘု​ရား​ကို​မြင်​ရ​သော​အ​ခါ ဝမ်း​မြောက်​ကြ​၏။

21 တစ်​ဖန် ယေ​ရှု​က “သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​လည်း သင်​တို့​ကို​စေ​လွှတ်​၏”​ဟု မိန့်​တော်​မူ​၏။

22 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် သူ​တို့​အ​ပေါ်​မှုတ်​တော်​မူ​လျက် “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြ​လော့။

23 တစ်​စုံ​တစ်​ဦး​၏​အ​ပြစ်​များ​ကို သင်​တို့​ခွင့်​လွှတ်​လျှင် ထို​သူ​သည် အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကို​ခံ​ရ​၏။ တစ်​စုံ​တစ်​ဦး​၏​အ​ပြစ်​များ​ကို သင်​တို့​ချည်​နှောင်​ထား​လျှင် ထို​အ​ပြစ်​များ​သည် သူ​၌ ချည်​နှောင်​ထား​ခြင်း​ခံ​ရ​၏”​ဟု မိန့်​တော်​မူ​၏။

ယေ​ရှု​ကို​မြင်​မှ ယုံ​ကြည်​သည့်​သော​မ

24 တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​ပြီး ဒိ​ဒု​မု​ဟု​ခေါ်​သည့် သော​မ​ကား ယေ​ရှု​ကြွ​လာ​တော်​မူ​သော​အ​ချိန်​တွင် သူ​တို့​နှင့်​အ​တူ​မ​ရှိ​ခဲ့​ချေ။

25 သို့​ဖြစ်​၍ အ​ခြား​သော​တ​ပည့်​တော်​တို့​က သော​မ​အား “ငါ​တို့​သည် သ​ခင်​ဘု​ရား​ကို​မြင်​ရ​ပြီ”​ဟု ဆို​ကြ​၏။ သို့​သော် သော​မ​က “ငါ​သည် လက်​တော်​တို့​၌ သံ​ရိုက်​ရာ​ကို​မ​မြင်၊ ထို​သံ​ရိုက်​ရာ​ထဲ​သို့ ငါ့​လက်​ညှိုး​ကို​မ​ထိုး​မ​သွင်း၊ နံ​ဘေး​တော်​ထဲ​သို့​လည်း ငါ့​လက်​ကို​မ​ထိုး​မ​သွင်း​ရ​လျှင် မည်​သည့်​အ​ခါ​မျှ​ယုံ​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။

26 ထို့​နောက် ရှစ်​ရက်​ကြာ​သော် တ​ပည့်​တော်​တို့​သည် တစ်​ဖန် အ​ထဲ​၌​ရှိ​ကြ​၍ သော​မ​သည်​လည်း သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ကို​ပိတ်​ထား​သော်​လည်း ယေ​ရှု​သည်​ကြွ​လာ​၍ သူ​တို့​အ​လယ်​၌​ရပ်​တော်​မူ​ပြီး​လျှင် “သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

27 ထို့​နောက် သော​မ​အား “သင်​၏​လက်​ညှိုး​ဖြင့် ဤ​နေ​ရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံ​ဘေး​ထဲ​သို့​ထိုး​သွင်း​လော့။ မ​ယုံ​ကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သော​သူ​ဖြစ်​လော့”​ဟု မိန့်​တော်​မူ​၏။

28 ထို​အ​ခါ သော​မ​က “အ​ကျွန်ုပ်​၏​အ​ရှင်၊ အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်”​ဟု ပြန်​လျှောက်​လေ​၏။

29 ယေ​ရှု​က​လည်း “သင်​သည် ငါ့​ကို​မြင်​ရ​သော​ကြောင့် ယုံ​ကြည်​ပြီ​တ​ကား။ မ​မြင်​ဘဲ​လျက် ယုံ​ကြည်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

ဤ​ကျမ်း​၏​ရည်​ရွယ်​ချက်

30 ယေ​ရှု​သည် ဤ​ကျမ်း​၌​ရေး​၍​မ​ထား​သော အ​ခြား​နိ​မိတ်​လက္ခ​ဏာ​များ​စွာ​တို့​ကို​လည်း တ​ပည့်​တော်​တို့​ရှေ့​မှောက်​တွင် ပြု​တော်​မူ​၏။

31 သို့​သော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သင်​တို့​ယုံ​ကြည်​ကြ​ရန်​နှင့် ထို​သို့​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကိုယ်​တော်​၏​နာ​မ​တော်​၌ အ​သက်​ကို​ရ​ရှိ​ကြ​ရန် ဤ​အ​ရာ​များ​ကို​ရေး​ထား​ခြင်း​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21