ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8 MSB

1 ယေ​ရှု​မူ​ကား သံ​လွင်​တောင်​သို့ ကြွ​တော်​မူ​၏။

အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သော​မိန်း​မ

2 အ​ရုဏ်​တက်​ချိန်​၌ ဗိ​မာန်​တော်​သို့ နောက်​တစ်​ဖန်​ကြွ​တော်​မူ​ရာ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​ရောက်​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ထိုင်​၍​သူ​တို့​အား သွန်​သင်​တော်​မူ​၏။

3 ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​သည့်​အ​တွက် အ​ဖမ်း​ခံ​ရ​သော​မိန်း​မ​တစ်​ယောက်​ကို​ခေါ်​ဆောင်​လာ​၍ အ​လယ်​၌​ထား​ပြီး​လျှင်

4 “ဆ​ရာ၊ ဤ​မိန်း​မ​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကျူး​လွန်​နေ​စဉ်​၌​ပင် အ​ဖမ်း​ခံ​ရ​ပါ​သည်။

5 မော​ရှေ​သည် ပ​ညတ်​တ​ရား​၌ ဤ​သို့​သော​မိန်း​မ​မျိုး​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် အ​ကျွန်ုပ်​တို့​အား ပ​ညတ်​ထား​ပါ​သည်။ ဆ​ရာ​ကား မည်​သို့​ဆို​မည်​နည်း”​ဟု ကိုယ်​တော်​အား လျှောက်​ကြ​၏။

6 သူ​တို့​သည် ကိုယ်​တော်​ကို စွပ်​စွဲ​ခွင့်​ရ​ရှိ​ရန် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ဤ​သို့​လျှောက်​ထား​ကြ​ခြင်း​ဖြစ်​၏။ သို့​ရာ​တွင် ယေ​ရှု​သည်​ငုံ့​၍ လက်​ညှိုး​တော်​ဖြင့် မြေ​ပေါ်​၌​ရေး​လျက်​နေ​တော်​မူ​၏။

7 ထို​သူ​တို့​အ​ထပ်​ထပ်​မေး​မြန်း​ကြ​သော​အ​ခါ ယေ​ရှု​သည် ကိုယ်​ကို​မတ်​တော်​မူ​၍ “သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် သူ့​ကို ခဲ​နှင့်​အ​ဦး​ဆုံး​ပေါက်​စေ”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

8 တစ်​ဖန်​ငုံ့​လျက် မြေ​ပေါ်​တွင် ဆက်​၍​ရေး​တော်​မူ​၏။

9 သူ​တို့​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ အ​သက်​ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်​သွား​ကြ​သ​ဖြင့် ယေ​ရှု​တစ်​ပါး​တည်း​သာ အ​လယ်​၌​ရှိ​နေ​သော​ထို​မိန်း​မ​နှင့် ကျန်​ရစ်​ခဲ့​၏။

10 ထို​အ​ခါ ယေ​ရှု​သည် ကိုယ်​ကို​မတ်​တော်​မူ​၍ “အ​သင်​မိန်း​မ၊ ထို​သူ​တို့​အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သင့်​ကို​ပြစ်​ဒဏ်​စီ​ရင်​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော”​ဟု မေး​တော်​မူ​လျှင်

11 ထို​မိန်း​မ​က “တစ်​ယောက်​မျှ​မ​ရှိ​ပါ သ​ခင်​ဘု​ရား”​ဟု လျှောက်​လေ​၏။ ယေ​ရှု​က​လည်း “ငါ​သည်​လည်း သင့်​ကို​ပြစ်​ဒဏ်​မ​စီ​ရင်။ သွား​လော့။ ယ​ခု​မှ​စ​၍ နောက်​တစ်​ဖန်​အ​ပြစ်​မ​ပြု​နှင့်”​ဟု မိန့်​တော်​မူ​၏။]

လော​က​၏​အ​လင်း

12 တစ်​ဖန် ယေ​ရှု​သည် လူ​တို့​အား​မြွက်​ဆို​တော်​မူ​၍ “ငါ​သည် ဤ​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ မှောင်​မိုက်​၌​သွား​လာ​ခြင်း​မ​ရှိ​ဘဲ အ​သက်​၏​အ​လင်း​ကို​ရ​ရှိ​မည်”​ဟု မိန့်​တော်​မူ​၏။

13 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​က “သင်​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​နေ​၏။ သင်​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​မှု​မ​ရှိ”​ဟု ဆို​ကြ​၏။

14 ယေ​ရှု​က​လည်း “ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​သော်​လည်း ငါ​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​၏။ အ​ကြောင်း​မူ​ကား ငါ​သည် မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​မည်​ကို ငါ​သိ​၏။ သင်​တို့​မူ​ကား ငါ​မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​မည်​ကို​မ​သိ​ကြ။

15 သင်​တို့​သည် လူ့​စံ​နှုန်း​အ​တိုင်း စီ​ရင်​တတ်​ကြ​၏။ ငါ​မူ​ကား မည်​သူ့​ကို​မျှ​မ​စီ​ရင်။

16 သို့​သော် ငါ​စီ​ရင်​မည်​ဆို​လျှင်​လည်း ငါ​တစ်​ဦး​တည်း​စီ​ရင်​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​စီ​ရင်​တော်​မူ​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​သည် မှန်​ကန်​၏။

17 သင်​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​၌​လည်း ‘သက်​သေ​နှစ်​ဦး​ထွက်​ဆို​သည့်​သက်​သေ​ခံ​ချက်​သည် အ​မှန်​ဖြစ်​၏’​ဟု ရေး​ထား​၏။

18 ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​သော​သူ​ဖြစ်​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

19 ထို​သူ​တို့​က​လည်း “သင်​၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​ကြ​သော် ယေ​ရှု​က “သင်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

20 ကိုယ်​တော်​သည် ဗိ​မာန်​တော်​၌​သွန်​သင်​တော်​မူ​စဉ် ဤ​စ​ကား​တို့​ကို အ​လှူ​ခံ​သေတ္တာ​အ​နီး​တွင် မိန့်​တော်​မူ​၏။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​ချိန်​မ​ရောက်​သေး​သော​ကြောင့် မည်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

လော​က​မှ​ထွက်​ခွာ​ရ​မည့်​အ​ကြောင်း​ကြို​တင်​ဟော​ကြား​တော်​မူ​ခြင်း

21 တစ်​ဖန် ကိုယ်​တော်​က “ငါ​သည်​သွား​ရ​တော့​မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အ​ပြစ်​၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

22 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “သူ​သည် ‘ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု​ဆို​ခြင်း​မှာ သူ့​ကိုယ်​သူ သတ်​သေ​လိမ့်​မည်​လော”​ဟု ပြော​ဆို​ကြ​၏။

23 ယေ​ရှု​က​လည်း “သင်​တို့​သည် အောက်​အ​ရပ်​နှင့်​ဆိုင်​၏။ ငါ​မူ​ကား အ​ထက်​အ​ရပ်​နှင့်​ဆိုင်​၏။ သင်​တို့​သည် ဤ​လော​က​နှင့်​ဆိုင်​၏။ ငါ​မူ​ကား ဤ​လော​က​နှင့်​မ​ဆိုင်။

24 ထို့​ကြောင့် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌​သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို​ခဲ့​၏။ အ​ကြောင်း​မူ​ကား ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံ​ကြည်​လျှင် သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​၌ သေ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

25 ထို​သူ​တို့​က​လည်း “သင်​သည် မည်​သူ​ဖြစ်​သ​နည်း”​ဟု မေး​ကြ​လျှင် ယေ​ရှု​က “ငါ​မည်​သူ​ဖြစ်​သည်​ကို အ​စ​အ​ဦး​က​ပင် သင်​တို့​အား ငါ​ပြော​လာ​ခဲ့​၏။

26 သင်​တို့​နှင့်​ပတ်​သက်​၍ ငါ​ပြော​စ​ရာ၊ စီ​ရင်​စ​ရာ​များ​စွာ​ရှိ​၏။ သို့​သော် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ဖြောင့်​မှန်​တော်​မူ​သည်​ဖြစ်​၍ ငါ​သည် သူ့​ထံ​မှ​ကြား​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ဤ​လော​က​၌ ဟော​ပြော​၏”​ဟု မိန့်​တော်​မူ​၏။

27 ကိုယ်​တော်​သည် ခ​မည်း​တော်​ကို​ရည်​ညွှန်း​၍ မြွက်​ဆို​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​သ​ဘော​မ​ပေါက်​ကြ။

28 သို့​ဖြစ်​၍ ယေ​ရှု​က “သင်​တို့​သည် လူ့​သား​ကို​မြှောက်​ထား​ကြ​သော​အ​ခါ​မှ ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက် မည်​သည့်​အ​ရာ​ကို​မျှ​မ​ပြု​ဘဲ ငါ့​အား ခ​မည်း​တော်​သွန်​သင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဤ​အ​ရာ​များ​ကို ငါ​ဟော​ပြော​ကြောင်း​ကို​လည်း​ကောင်း သိ​ကြ​လိမ့်​မည်။

29 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ငါ​နှင့်​အ​တူ​ရှိ​၍ ငါ​သည် ထို​အ​ရှင်​နှစ်​သက်​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို အ​စဉ်​ပြု​နေ​သော​ကြောင့် သူ​သည် ငါ့​ကို တစ်​ကိုယ်​တည်း​ပစ်​ထား​တော်​မ​မူ”​ဟု မိန့်​တော်​မူ​၏။

30 ဤ​စ​ကား​တော်​တို့​ကို​မိန့်​တော်​မူ​စဉ် များ​စွာ​သော​လူ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

သမ္မာ​တ​ရား​နှင့်​လွတ်​မြောက်​ခြင်း

31 ထို့​ကြောင့် ယေ​ရှု​သည် မိ​မိ​ကို​ယုံ​ကြည်​သော ဂျူး​လူ​မျိုး​တို့​အား “သင်​တို့​သည် ငါ​၏​တ​ရား​စ​ကား​၌​တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ​ပြီး

32 သမ္မာ​တ​ရား​ကို​သိ​ကြ​သ​ဖြင့် သမ္မာ​တ​ရား​သည် သင်​တို့​ကို လွတ်​မြောက်​စေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

33 သူ​တို့​က​လည်း “အ​ကျွန်ုပ်​တို့​သည် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​ကြ​ပြီး မည်​သူ့​ထံ​၌​မျှ ကျွန်​မ​ခံ​ခဲ့​ဖူး​ပါ။ သင်​သည် အ​ဘယ်​ကြောင့် ‘သင်​တို့​လွတ်​မြောက်​ကြ​လိမ့်​မည်’​ဟု ဆို​ရ​သ​နည်း”​ဟူ​၍​ပြန်​ပြော​ကြ​၏။

34 ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ အ​ပြစ်​ပြု​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။

35 ကျွန်​သည် အိမ်​၌​ထာ​ဝ​စဉ်​နေ​ထိုင်​သည်​မ​ဟုတ်။ သား​မူ​ကား ထာ​ဝ​စဉ်​နေ​ထိုင်​၏။

36 ထို့​ကြောင့် သား​တော်​သည် သင်​တို့​ကို​လွတ်​မြောက်​စေ​လျှင် သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​မြောက်​ကြ​လိမ့်​မည်။

37 သင်​တို့​သည် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင် ငါ​၏​တ​ရား​စ​ကား​သည် သင်​တို့​ထဲ​၌​နေ​ရာ​မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​၏။

38 ငါ​သည် ခ​မည်း​တော်​ထံ​၌​မြင်​ရ​သော​အ​ရာ​များ​ကို ဟော​ပြော​၏။ သင်​တို့​မူ​ကား သင်​တို့​၏​အ​ဖ​ထံ​မှ​ကြား​ခဲ့​ရ​သော​အ​ရာ​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်​မူ​လျှင်

39 ထို​သူ​တို့​က “အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေ​ရှု​က​လည်း “သင်​တို့​သည် အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သည်​မှန်​လျှင် အာ​ဗြ​ဟံ​ပြု​သော​အ​မှု​များ​ကို ပြု​ကြ​လိမ့်​မည်။

40 သို့​သော် ယ​ခု​တွင် ဘု​ရား​သ​ခင်​ထံ​မှ​ကြား​ရ​သည့်​သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​ခဲ့​သူ​ငါ့​ကို သတ်​ရန် သင်​တို့​ရှာ​ကြံ​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား ဤ​သို့​ပြု​ခဲ့​သည်​မ​ဟုတ်။

41 သင်​တို့​သည် သင်​တို့​အ​ဖ​ပြု​သော​အ​မှု​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်​မူ​လျှင် ထို​သူ​တို့​က “အ​ကျွန်ုပ်​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အား​ဖြင့် မွေး​လာ​သော​သူ​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​၌ တစ်​ပါး​တည်း​သော​အ​ဖ​ဘု​ရား​သ​ခင်​ရှိ​သည်”​ဟု ဆို​ကြ​၏။

42 ယေ​ရှု​က “ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​ပြီး ယ​ခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင်​သည် သင်​တို့​၏​အ​ဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။

43 သင်​တို့​သည် ငါ​ပြော​ဆို​သော​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။ ငါ​၏​တ​ရား​စ​ကား​ကို သင်​တို့​နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။

44 သင်​တို့​သည် သင်​တို့​၏​အ​ဖ​မာရ်​နတ်​နှင့်​စပ်​ဆိုင်​ကြ​ပြီး သင်​တို့​အ​ဖ​၏​ဆန္ဒ​အ​တိုင်း​ပြု​လို​ကြ​၏။ မာရ်​နတ်​သည် အ​စ​အ​ဦး​က​ပင် လူ​သတ်​သ​မား​ဖြစ်​၏။ သူ​၌​သမ္မာ​တ​ရား​မ​ရှိ​သော​ကြောင့် သမ္မာ​တ​ရား​၌​မ​ရပ်​တည်။ သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​ပြီး လိမ်​လည်​ခြင်း​၏​အ​ဖ​လည်း​ဖြစ်​သော​ကြောင့် လိမ်​လည်​ပြော​ဆို​သော​အ​ခါ မိ​မိ​ပင်​ကို​အ​တိုင်း​ပြော​ဆို​၏။

45 ငါ​မူ​ကား သမ္မာ​တ​ရား​ကို​ပြော​ဆို​သော​ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ။

46 သင်​တို့​တွင် မည်​သူ​သည် ငါ​၌​အ​ပြစ်​ရှိ​ကြောင်း ဖော်​ပြ​နိုင်​သ​နည်း။ သမ္မာ​တ​ရား​ကို ငါ​ပြော​ဆို​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ​သ​နည်း။

47 ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​စ​ကား​တော်​တို့​ကို​နား​ထောင်​၏။ သင်​တို့​နား​မ​ထောင်​ကြ​ခြင်း​မှာ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​ကြ​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ယေ​ရှု​နှင့်​အာ​ဗြ​ဟံ

48 ဂျူး​လူ​မျိုး​တို့​က​လည်း “သင်​သည် ရှ​မာ​ရိ​နယ်​သား​ဖြစ်​ပြီး သင့်​ကို​နတ်​ဆိုး​ပူး​နေ​သည်​ဟူ​၍ ငါ​တို့​ပြော​ကြ​သည်​မှာ လျောက်​ပတ်​သည်​မ​ဟုတ်​လော”​ဟု ပြန်​ပြော​ကြ​၏။

49 ယေ​ရှု​က “ငါ့​ကို​နတ်​ဆိုး​ပူး​နေ​သည်​မ​ဟုတ်။ ငါ​သည် ငါ့​ခ​မည်း​တော်​ကို​ရို​သေ​၏။ သင်​တို့​မူ​ကား ငါ့​ကို​မ​ထီ​လေး​စား​ပြု​ကြ​၏။

50 သို့​ရာ​တွင် ငါ​သည် ကိုယ့်​ဘုန်း​အ​သ​ရေ​ကို​ရှာ​သည်​မ​ဟုတ်။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​၍ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။

51 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ မည်​သူ​မ​ဆို ငါ့​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​လျှင် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ သေ​ခြင်း​နှင့်​မ​တွေ့​မ​ကြုံ​ရ”​ဟု မိန့်​တော်​မူ​၏။

52 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “သင့်​ကို​နတ်​ဆိုး​ပူး​နေ​ကြောင်း ယ​ခု အ​ကျွန်ုပ်​တို့​သိ​ကြ​ပြီ။ အာ​ဗြ​ဟံ​သည် သေ​လွန်​ခဲ့​ပြီး ပ​ရော​ဖက်​တို့​လည်း သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား ‘မည်​သူ​မ​ဆို ငါ့​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​လျှင် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ သေ​ခြင်း​ကို​မ​မြည်း​စမ်း​ရ’​ဟု ဆို​ပါ​သည်​တ​ကား။

53 သင်​သည် အ​ကျွန်ုပ်​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​ထက် ကြီး​မြတ်​သ​လော။ သူ​သည် သေ​လွန်​ခဲ့​ပြီး ပ​ရော​ဖက်​တို့​လည်း သေ​လွန်​ကြ​ပြီ။ သင့်​ကိုယ်​သင် မည်​သူ​ဖြစ်​သည်​ဟု ထင်​မှတ်​သ​နည်း”​ဟု ဆို​ကြ​၏။

54 ယေ​ရှု​က​လည်း “ငါ​သည် ကိုယ့်​ဘုန်း​ကို​ကိုယ်​ထင်​ရှား​စေ​လျှင် ငါ့​ဘုန်း​သည် အ​ချည်း​နှီး​ဖြစ်​၏။ ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​သော​အ​ရှင်​ကား ငါ့​ခ​မည်း​တော်​ဖြစ်​၏။ သင်​တို့​သည် ထို​အ​ရှင်​ကို ‘အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​သည်’​ဟု ဆို​ကြ​သော်​လည်း

55 သူ့​ကို​မ​သိ​ကြ။ ငါ​မူ​ကား သိ​၏။ ထို​အ​ရှင်​ကို ငါ​မ​သိ​ဟု​ဆို​လျှင် ငါ​သည် သင်​တို့​ကဲ့​သို့​လိမ်​လည်​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင် ငါ​သည် ထို​အ​ရှင်​ကို​သိ​၍ သူ​၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​၏။

56 သင်​တို့​အ​ဖ​အာ​ဗြ​ဟံ​သည် ငါ​၏​နေ့​ရက်​ကို​တွေ့​မြင်​ရ​မည်​ဖြစ်​၍ ရွှင်​မြူး​လျက် တွေ့​မြင်​ရ​သော​အ​ခါ ဝမ်း​မြောက်​လေ​၏”​ဟု မိန့်​တော်​မူ​၏။

57 ဂျူး​လူ​မျိုး​တို့​က​လည်း “သင်​သည် အ​သက်​ငါး​ဆယ်​ပင်​မ​ရှိ​သေး​ဘဲ အာ​ဗြ​ဟံ​ကို​မြင်​ဖူး​သ​လော”​ဟု ဆို​ကြ​၏။

58 ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ အာ​ဗြ​ဟံ​မ​မွေး​ဖွား​မီ​က​ပင် ငါ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

59 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ပေါက်​ရန် ကျောက်​ခဲ​တို့​ကို​ကောက်​ယူ​ကြ​၏။ သို့​သော် ယေ​ရှု​သည် တိမ်း​ရှောင်​၍​ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21