ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12 MSB

ယေ​ရှု​၏​ခြေ​တော်​ကို​ဆီ​မွှေး​နှင့်​လိမ်း​သပ်​ခြင်း

1 ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ ခြောက်​ရက်​အ​လို​တွင် ယေ​ရှု​သည် ဗေ​သ​နိ​ရွာ​သို့​ကြွ​တော်​မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲ​မှ ယေ​ရှု​ထ​မြောက်​စေ​ခဲ့​သော လာ​ဇ​ရု​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။

2 လူ​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​အ​တွက် ည​စာ​ကို​ပြင်​ဆင်​ကြ​ပြီး မာ​သ​သည် ဧည့်​ဝတ်​ပြု​နေ​၏။ ကိုယ်​တော်​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​နေ​သူ​များ​ထဲ​တွင် လာ​ဇ​ရု​လည်း​ပါ​၏။

3 ထို​အ​ခါ မာ​ရိ​သည် အ​လွန်​တန်​ဖိုး​ကြီး​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​နှစ်​ဆယ်​သား​ကို​ယူ​၍ ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​သပ်​ကာ မိ​မိ​ဆံ​ပင်​နှင့် ခြေ​တော်​ကို​သုတ်​သ​ဖြင့် ထို​ဆီ​မွှေး​၏​ရ​နံ့​သည် တစ်​အိမ်​လုံး​ပျံ့​နှံ့​လေ​၏။

4 သို့​သော် တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​ပြီး ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​သူ ယု​ဒ​ဣ​ရှ​ကာ​ရုတ်​က

5 “အ​ဘယ်​ကြောင့် ဤ​ဆီ​မွှေး​ကို ဒေ​နာ​ရိ​သုံး​ရာ​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​အား မ​ပေး​ကမ်း​ခဲ့​သ​နည်း”​ဟု ဆို​၏။

6 ထို​သို့​ဆို​ခြင်း​မှာ သူ​သည် ဆင်း​ရဲ​သား​တို့​၏​အ​ကျိုး​ကို ထောက်​ထား​ငဲ့​ညှာ​၍​မ​ဟုတ်​ဘဲ မိ​မိ​သည် သူ​ခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်း​သိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သော​ကြောင့်​ဖြစ်​၏။

7 ထို့​ကြောင့် ယေ​ရှု​က “ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အ​တွက် သူ​သည် ဤ​ဆီ​မွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်​၍ သူ​ပြု​လို​ရာ​ပြု​ပါ​စေ။

8 အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​တွင်​အ​စဉ်​ရှိ​ကြ​၏။ ငါ​မူ​ကား သင်​တို့​တွင်​အ​စဉ်​ရှိ​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

လာ​ဇ​ရု​ကို​လည်း​သတ်​ရန်​ကြံ​စည်​ကြ​ခြင်း

9 များ​စွာ​သော​ဂျူး​လူ​မျိုး​အ​စု​အ​ဝေး​သည် ထို​အ​ရပ်​၌ ယေ​ရှု​ရှိ​တော်​မူ​ကြောင်း​ကို ကြား​သိ​သ​ဖြင့် ယေ​ရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​လည်း​တွေ့​မြင်​ရ​ရန် ရောက်​လာ​ကြ​၏။

10 ထို့​ကြောင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် လာ​ဇ​ရု​ကို​လည်း​သတ်​ရန် တိုင်​ပင်​ကြံ​စည်​ကြ​၏။

11 အ​ဘယ်​ကြောင့်​ဆို​သော် များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် လာ​ဇ​ရု​ကြောင့် သူ​တို့​ကို​စွန့်​ခွာ​၍ ယေ​ရှု​ကို​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

ဩ​ဘာ​ပေး​ခြင်း​ခံ​ရ​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​ဝင်​တော်​မူ​ခြင်း

12 နောက်​တစ်​နေ့​တွင် ပွဲ​တော်​သို့​ရောက်​လာ​သည့် များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​မည်​ဟု​ကြား​သိ​သ​ဖြင့်

13 စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​လျက် ကိုယ်​တော်​ကို​ကြို​ဆို​ရန် ထွက်​သွား​ကြ​၍ “ဟော​ရှဏ္ဏ၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ကြွ​လာ​တော်​မူ​သော​အ​ရှင်၊ အစ္စ​ရေး​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

14 ယေ​ရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်​မူ​၏။

15 ဤ​သည်​ကား “ဇိ​အုန်​သ​မီး၊ မ​ကြောက်​နှင့်။ ကြည့်​ရှု​လော့။ သင်​၏​ရှင်​ဘု​ရင်​သည် မြည်း​က​လေး​ကို​စီး​၍ ကြွ​လာ​တော်​မူ​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

16 ဤ​အ​ရာ​များ​ကို တ​ပည့်​တော်​တို့​သည် အ​စ​က နား​မ​လည်​ခဲ့​ကြ။ သို့​သော် ယေ​ရှု​ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​တော်​မူ​သော​အ​ခါ​မှ​သာ ဤ​အ​ရာ​များ​သည် ကိုယ်​တော်​ကို​ရည်​ညွှန်း​၍ ရေး​ထား​ခဲ့​ခြင်း​ဖြစ်​ပြီး လူ​တို့​သည် ကိုယ်​တော်​အ​ပေါ် ထို​အ​တိုင်း​ပြု​ခဲ့​ကြောင်း​ကို ပြန်​လည်​သ​တိ​ရ​ကြ​၏။

17 ယေ​ရှု​သည် လာ​ဇ​ရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​စဉ်​က ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ခဲ့​သော လူ​ထု​ပ​ရိ​သတ်​တို့​သည် ထို​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။

18 လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​ကို​ဆီး​ကြို​ကြ​ခြင်း​မှာ ဤ​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ကိုယ်​တော်​ပြု​တော်​မူ​ကြောင်း ကြား​သိ​ခဲ့​ကြ​သော​ကြောင့်​လည်း​ဖြစ်​၏။

19 ထို့​ကြောင့် ဖာ​ရိ​ရှဲ​တို့​က “တွေ့​သ​လော။ သင်​တို့​လုပ်​ရပ်​တစ်​ခု​မျှ​အ​ကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်​ကမ္ဘာ​လုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

မိ​မိ​အ​သေ​ခံ​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

20 ပွဲ​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ​၌ ဂ​ရိ​လူ​မျိုး​အ​ချို့​ပါ​၏။

21 သူ​တို့​သည် ဂါ​လိ​လဲ​နယ်၊ ဗက်​ဇဲ​ဒ​မြို့​သား ဖိ​လိပ္ပု​ထံ​ချဉ်း​ကပ်​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို​တွေ့​မြင်​လို​ပါ​သည်”​ဟု တောင်း​ဆို​ကြ​၏။

22 ဖိ​လိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြော​ပြ​ပြီး​လျှင် အန္ဒြေ​နှင့်​ဖိ​လိပ္ပု​တို့​သည်​လာ​၍ ယေ​ရှု​ထံ​လျှောက်​ထား​ကြ​၏။

23 ထို​အ​ခါ ယေ​ရှု​က “လူ့​သား​ကို ဘုန်း​တော်​ထင်​ရှား​စေ​မည့်​အ​ချိန် ရောက်​လာ​ပြီ။

24 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်​စီး​လျှင် တစ်​စေ့​တည်း​ရှိ​နေ​၏။ ပျက်​စီး​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို ဖြစ်​ထွန်း​စေ​တတ်​၏။

25 မိ​မိ​အ​သက်​ကို​တွယ်​တာ​သော​သူ​သည် အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​၌ မိ​မိ​အ​သက်​ကို​မုန်း​သော​သူ​မူ​ကား ထို​အ​သက်​ကို ထာ​ဝ​ရ​အ​သက်​အ​တွက် စောင့်​ရှောက်​လိမ့်​မည်။

26 မည်​သူ​မ​ဆို ငါ​၏​အ​မှု​ကို​ဆောင်​ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထို​အ​ခါ ငါ​ရှိ​ရာ​အ​ရပ်​၌ ငါ​၏​အ​မှု​ဆောင်​လည်း​ရှိ​လိမ့်​မည်။ မည်​သူ​မ​ဆို ငါ​၏​အ​မှု​ကို​ဆောင်​ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

27 ယ​ခု ငါ့​စိတ်​ပူ​ပန်​လျက်​ရှိ​၏။ ငါ​မည်​သို့​လျှောက်​ရ​ပါ​မည်​နည်း။ ‘အို အ​ဖ၊ ဤ​အ​ချိန်​နာ​ရီ​မှ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ’​ဟူ​၍ လျှောက်​ရ​ပါ​မည်​လော။ သို့​ရာ​တွင် ငါ​သည် ဤ​အ​တွက်​ကြောင့် ယ​ခု​အ​ချိန်​နာ​ရီ​သို့ ရောက်​လာ​ခဲ့​၏။

28 ‘အို အ​ဖ၊ ကိုယ်​တော်​၏​နာ​မ​တော်​အား ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပါ’”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ “ငါ​သည် ဘုန်း​တော်​ထင်​ရှား​စေ​ခဲ့​ပြီ။ နောက်​တစ်​ဖန်​လည်း ထင်​ရှား​စေ​ဦး​မည်”​ဟု ကောင်း​ကင်​မှ​အ​သံ​တော်​လာ​၏။

29 အ​နီး​နား​၌​ရပ်​နေ​၍ ထို​အ​သံ​ကို​ကြား​ကြ​သော လူ​ထု​ပ​ရိ​သတ်​တို့​က “မိုး​ချုန်း​သည်”​ဟု ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​က​မူ “ကောင်း​ကင်​တ​မန်​က သူ့​ကို​မြွက်​ဆို​သည်”​ဟု ဆို​ကြ​၏။

30 ယေ​ရှု​က​လည်း “ဤ​အ​သံ​တော်​သည် ငါ့​အ​တွက်​မ​ဟုတ်​ဘဲ သင်​တို့​အ​တွက်​လာ​၏။

31 ယ​ခု​သည် ဤ​လော​က​၏​တ​ရား​စီ​ရင်​ခြင်း​ကာ​လ​ဖြစ်​၏။ ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် ယ​ခု နှင်​ထုတ်​ခြင်း​ခံ​ရ​မည်။

32 ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို ငါ့​ထံ​သို့​ဆွဲ​ငင်​မည်”​ဟု မိန့်​တော်​မူ​၏။

33 ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ မိ​မိ​သည်​မည်​သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အ​သေ​ခံ​ရ​မည်​ကို အ​ရိပ်​အ​မြွက်​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

34 ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​က “ခ​ရစ်​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ​၏​ဟု ပ​ညတ်​တ​ရား​ကျမ်း​အား​ဖြင့် အ​ကျွန်ုပ်​တို့​ကြား​သိ​ထား​သည်။ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​ကြောင့် ‘လူ့​သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သ​နည်း။ ဤ​လူ့​သား​ဆို​သူ​မှာ မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။

35 ယေ​ရှု​က​လည်း “အ​လင်း​သည် သင်​တို့​တွင် နောက်​ထပ် ခ​ဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်​မိုက်​မ​လွှမ်း​မိုး​စေ​ရန် အ​လင်း​ရှိ​ခိုက် သွား​လာ​ကြ​လော့။ မှောင်​မိုက်​၌​သွား​လာ​သော​သူ​သည် မိ​မိ​မည်​သည့်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

36 သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​ရန် သင်​တို့​တွင် အ​လင်း​ရှိ​ခိုက် အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ ယေ​ရှု​သည် ဤ​အ​ရာ​များ​ကို ဟော​ပြော​တော်​မူ​ပြီး​နောက် ထွက်​သွား​၍ သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ​၏။

ဟေ​ရှာ​ယ​၏​ကြို​တင်​ဟော​ထား​ချက်​ပြည့်​စုံ​ခြင်း

37 ယေ​ရှု​သည် ဤ​မျှ​လောက်​များ​ပြား​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို သူ​တို့​ရှေ့​မှောက်​၌ ပြု​တော်​မူ​သော်​လည်း သူ​တို့​သည် ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ​ပေ။

38 ဤ​သည်​ကား “အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​သ​တင်း​စ​ကား​ကို မည်​သူ​ယုံ​ကြည်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​၏​လက်​ရုံး​တော်​သည် မည်​သူ့​ထံ ဖော်​ပြ​ခြင်း​ခံ​ရ​ပါ​သ​နည်း”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ထား​သော​စ​ကား ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

39 သူ​တို့​မ​ယုံ​ကြည်​နိုင်​သည့်​အ​ကြောင်း​မှာ ဟေ​ရှာ​ယ​က

40 “သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည့်​အ​ဖြစ်​မျိုး​မ​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​ကို ကွယ်​စေ​တော်​မူ​၍ သူ​တို့​၏​စိတ်​နှ​လုံး​ကို မာ​ကျော​စေ​တော်​မူ​၏”​ဟု ထပ်​မံ​၍ ဟော​ပြော​ခဲ့​သော​ကြောင့်​ဖြစ်​၏။

41 ဟေ​ရှာ​ယ​သည် ယေ​ရှု​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​သော​ကြောင့် ဤ​သို့​ပြော​ဆို​ပြီး ကိုယ်​တော်​၏​အ​ကြောင်း​ကို ဟော​ပြော​ခဲ့​ခြင်း​ဖြစ်​၏။

42 မည်​သို့​ပင်​ဖြစ်​စေ အ​ကြီး​အ​ကဲ​တို့​တွင်​လည်း ကိုယ်​တော်​ကို​ယုံ​ကြည်​သော​သူ​များ​စွာ​ရှိ​ကြ​၏။ သို့​သော် သူ​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်​ကို စိုး​ရိမ်​သ​ဖြင့် ဖာ​ရိ​ရှဲ​တို့​ကြောင့် ဖွင့်​မ​ပြော​ဘဲ​နေ​ကြ​၏။

43 အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သော​ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ပို​၍​နှစ်​သက်​ကြ​၏။

ဤ​လော​က​သို့ ယေ​ရှု​ကြွ​လာ​ခြင်း​၏​အ​ကြောင်း​ရင်း

44 တစ်​ဖန် ယေ​ရှု​က “ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​ယုံ​ကြည်​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​၏။

45 ငါ့​ကို​မြင်​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​မြင်​၏။

46 ငါ့​ကို​ယုံ​ကြည်​သော​သူ​တိုင်း မှောင်​မိုက်​ထဲ​၌​မ​နေ​ရ​စေ​ရန် ငါ​သည် အ​လင်း​အ​ဖြစ် ဤ​လော​က​သို့​ကြွ​လာ​ပြီ။

47 တစ်​စုံ​တစ်​ယောက်​သည် ငါ့​စ​ကား​တို့​ကို​ကြား​လျက် မ​စောင့်​ထိန်း​လျှင်​လည်း ငါ​သည် ထို​သူ​ကို​ပြစ်​ဒဏ်​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား ဤ​လော​က​ကို ပြစ်​ဒဏ်​စီ​ရင်​ရန် ငါ​လာ​သည်​မ​ဟုတ်။ ဤ​လော​က​ကို ကယ်​တင်​ရန် ငါ​လာ​၏။

48 ငါ့​ကို​ငြင်း​ပယ်​၍ ငါ့​စ​ကား​တို့​ကို​လက်​မ​ခံ​သော​သူ​အား ပြစ်​ဒဏ်​စီ​ရင်​သော​သူ​ရှိ​၏။ ငါ​ဟော​ပြော​ခဲ့​သည့်​တ​ရား​စ​ကား​က​ပင် နောက်​ဆုံး​သော​နေ့​၌ ထို​သူ​ကို​ပြစ်​ဒဏ်​စီ​ရင်​လိမ့်​မည်။

49 အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​ဟော​ပြော​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ကိုယ်​တိုင် ငါ​မည်​သို့​မြွက်​ဆို​၍ မည်​သို့​ဟော​ပြော​ရ​မည်​ကို ငါ့​အား​အ​မိန့်​ပေး​တော်​မူ​၏။

50 ခ​မည်း​တော်​၏​အ​မိန့်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။ ထို့​ကြောင့် ငါ​ဟော​ပြော​သော​အ​ရာ​တို့​ကို ခ​မည်း​တော်​က ငါ့​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​ဟော​ပြော​၏”​ဟု ကြွေး​ကြော်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21