ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19 MSB

ပြောင်​လှောင်​သ​ရော်​မှု​ကို​ခံ​ရ​ခြင်း

1 ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ထုတ်​ဆောင်​၍ ဒဏ်​ခတ်​ရိုက်​နှက်​စေ​၏။

2 စစ်​သား​တို့​သည်​လည်း ဆူး​ပင်​ကို သ​ရ​ဖူ​အ​ဖြစ်​ရစ်​ခွေ​ပြီး ကိုယ်​တော်​၏​ဦး​ခေါင်း​ပေါ်​၌ ဆောင်း​စေ​၍ ခ​ရမ်း​ရောင်​ဝတ်​ရုံ​ကို ဝတ်​စေ​ပြီး​လျှင်

3 ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​လျက် “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော”​ဟု ဆို​ပြီး ကိုယ်​တော်​ကို​ရိုက်​ပုတ်​ကြ​၏။

4 ပိ​လတ်​မင်း​သည် နောက်​တစ်​ဖန် အ​ပြင်​သို့​ထွက်​လာ​၍ “နား​ထောင်​ကြ​လော့။ ထို​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိ​မြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်​ဆောင်​လာ​မည်”​ဟု ဆို​၏။

သေ​ဒဏ်​စီ​ရင်​ခြင်း

5 ထို​အ​ခါ ယေ​ရှု​သည် ဆူး​သ​ရ​ဖူ​နှင့်​ခ​ရမ်း​ရောင်​ဝတ်​ရုံ​ကို ဝတ်​ဆင်​လျက် အ​ပြင်​သို့​ထွက်​လာ​၏။ ပိ​လတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။

6 ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် အ​စောင့်​တပ်​သား​တို့​သည် ကိုယ်​တော်​ကို​မြင်​သော​အ​ခါ “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။ ပိ​လတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ မ​တွေ့​သော​ကြောင့် သင်​တို့​ကိုယ်​တိုင် သူ့​ကို​ခေါ်​သွား​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။

7 ဂျူး​လူ​မျိုး​တို့​က​လည်း “အ​ကျွန်ုပ်​တို့​၌ ပ​ညတ်​တ​ရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေ​ညာ​သော​ကြောင့် ထို​ပ​ညတ်​တ​ရား​အ​ရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။

8 ပိ​လတ်​မင်း​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ ပို​၍​ကြောက်​လာ​သ​ဖြင့်

9 ရုံး​တော်​ထဲ​သို့​ပြန်​ဝင်​ကာ ယေ​ရှု​အား “သင်​သည် မည်​သည့်​အ​ရပ်​မှ​လာ​သ​နည်း”​ဟု မေး​လေ​၏။ သို့​သော် ယေ​ရှု​သည် တစ်​ခွန်း​မျှ ဖြေ​ကြား​တော်​မ​မူ။

10 သို့​ဖြစ်​၍ ပိ​လတ်​မင်း​က “သင်​သည် ငါ့​ကို​စ​ကား​မ​ပြော​ဘဲ​နေ​သ​လော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အ​ခွင့်​အာ​ဏာ​ရှိ​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​နိုင်​သော အ​ခွင့်​အာ​ဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သ​လော”​ဟု ဆို​၏။

11 ယေ​ရှု​က “အ​ထက်​အ​ရပ်​မှ​ပေး​အပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အ​ပေါ် မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။ ထို့​ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်​နှံ​သော​သူ​၌ ပို​၍​ကြီး​လေး​သော​အ​ပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

12 ထို​အ​ခါ​မှ​စ​၍ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လွှတ်​ပေး​ရန် ကြိုး​စား​ရှာ​ကြံ​၏။ သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​က “အ​ရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီ​ဇာ​ဧ​က​ရာဇ်​၏​ဘက်​တော်​သား​မ​ဟုတ်​ပါ။ မိ​မိ​ကိုယ်​ကို​ဘု​ရင်​ဖြစ်​သည်​ဟု ကြေ​ညာ​သော​သူ​အား​လုံး​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ကို​ဆန့်​ကျင်​ပြော​ဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်​ဟစ်​ကြ​၏။

13 ပိ​လတ်​မင်း​သည် ထို​စ​ကား​တို့​ကို​ကြား​သော​အ​ခါ ယေ​ရှု​ကို အ​ပြင်​သို့​ခေါ်​ဆောင်​လာ​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဂဗ္ဗ​သ​အ​မည်​ရှိ​သည့် ကျောက်​ခင်း​စင်္ကြံ​ဟု​ခေါ်​ဝေါ်​သော​နေ​ရာ​မှ တ​ရား​ပလ္လင်​ပေါ်​တွင် ထိုင်​လေ​၏။

14 ထို​နေ့​သည် ပ​သ​ခါ​ပွဲ​တော်​အ​တွက် ပြင်​ဆင်​ရာ​နေ့​ဖြစ်​၏။ အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ရှိ​၏။ ပိ​လတ်​မင်း​သည် ဂျူး​လူ​မျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘု​ရင်​ပေ​တည်း”​ဟု ဆို​လေ​၏။

15 ထို​အ​ခါ သူ​တို့​က “သုတ်​သင်​လိုက်​ပါ၊ သုတ်​သင်​လိုက်​ပါ၊ သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။ ပိ​လတ်​မင်း​က “သင်​တို့​၏​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​က “အ​ကျွန်ုပ်​တို့​တွင် ဆီ​ဇာ​ဧ​က​ရာဇ်​မှ​လွဲ​၍ အ​ခြား​ဘု​ရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။

လက်​ဝါး​ကပ်​တိုင်​ပေါ်​တင်​ခြင်း

16 ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​စေ​ရန် သူ​တို့​လက်​သို့​အပ်​လိုက်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

17 ကိုယ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​ကို ကိုယ်​တိုင်​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​ခေါ်​သော​နေ​ရာ​သို့ ထွက်​သွား​တော်​မူ​၏။ (ထို​အ​ရပ်​ကို ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​ဟု​ခေါ်​သည်။)

18 သူ​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ဦး​တို့​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။ ယေ​ရှု​ကို​အ​လယ်​၌​ထား​၍ ထို​သူ​နှစ်​ဦး​တို့​ကို ကိုယ်​တော်​၏​တစ်​ဖက်​တစ်​ချက်​စီ​၌​ထား​ကြ​၏။

19 ပိ​လတ်​မင်း​သည် ကမ္ပည်း​ကို​လည်း ရေး​ထိုး​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တပ်​ထား​၏။ ထို​ကမ္ပည်း​တွင် “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု”​ဟု ရေး​ထား​၏။

20 ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည့်​အ​ပြင် ထို​ကမ္ပည်း​ကို ဟေ​ဗြဲ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့် ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​ထား​သည်​ဖြစ်​၍ များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် ၎င်း​ကို​ဖတ်​ကြ​၏။

21 ထို့​ကြောင့် ဂျူး​လူ​မျိုး​တို့​၏​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​သည် ပိ​လတ်​မင်း​အား “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဟု မ​ရေး​ဘဲ ဤ​သူ​က ငါ​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​သည်​ဟု​ဆို​ခဲ့​၏​ဟူ​၍ ရေး​ပေး​ပါ”​ဟု လျှောက်​ကြ​၏။

22 ပိ​လတ်​မင်း​က “ငါ​ရေး​ပြီး​သည့်​အ​တိုင်း ငါ​ရေး​ပြီ”​ဟု ပြန်​ပြော​လေ​၏။

23 စစ်​သား​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး​သော​အ​ခါ ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ကို လေး​ပိုင်း​ပိုင်း​၍ တစ်​ယောက်​တစ်​ပိုင်း​စီ​ယူ​ကြ​၏။ အ​တွင်း​အ​ဝတ်​တော်​ကို​လည်း​ယူ​ကြ​ရာ ၎င်း​သည် ချုပ်​ရိုး​မ​ရှိ​ဘဲ အ​ထက်​စွန်း​မှ တစ်​ထည်​လုံး​ကို တစ်​ဆက်​တည်း​ရက်​ထား​သည့် အ​ဝတ်​ဖြစ်​သော​ကြောင့်

24 “ဤ​အ​ဝတ်​ကို​မ​ဆုတ်​ဘဲ မည်​သူ​ရ​မည်​ကို မဲ​ချ​ကြ​စို့”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ စစ်​သား​တို့ ဤ​သို့​ပြု​ကြ​ခြင်း​မှာ “သူ​တို့​သည် အ​ကျွန်ုပ်​၏​ဝတ်​ရုံ​ကို အ​ချင်း​ချင်း​ခွဲ​ဝေ​ကြ​၍ အ​ကျွန်ုပ်​၏​အ​ဝတ်​အ​တွက် မဲ​ချ​ကြ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

25 ယေ​ရှု​၏​လက်​ဝါး​ကပ်​တိုင်​တော်​အ​နီး​၌​ကား ယေ​ရှု​၏​မယ်​တော်၊ မယ်​တော်​၏​ညီ​မ၊ က​လော​ဖ​၏​ဇ​နီး မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ​၏။

26 ယေ​ရှု​သည် အ​နီး​၌​ရပ်​နေ​သည့် ချစ်​တော်​မူ​သော​တ​ပည့်​တော်​နှင့် မယ်​တော်​ကို မြင်​တော်​မူ​လျှင် မယ်​တော်​အား “အ​သင်​အ​မျိုး​သ​မီး၊ ကြည့်​လော့။ သင်​၏​သား​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

27 ထို့​နောက် ထို​တ​ပည့်​တော်​အား “ကြည့်​လော့။ သင်​၏​အ​မိ​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ချိန်​မှ​စ​၍ ထို​တ​ပည့်​တော်​သည် မယ်​တော်​ကို မိ​မိ​အိမ်​၌​ခေါ်​ထား​လေ​၏။

အ​သက်​ချုပ်​ငြိမ်း​တော်​မူ​ခြင်း

28 ထို့​နောက် ယေ​ရှု​သည် အ​မှု​အ​လုံး​စုံ​ပြီး​စီး​ပြီ​ဖြစ်​ကြောင်း သိ​တော်​မူ​၍ ကျမ်း​စာ​ကို​ပြည့်​စုံ​စေ​ရန် “ငါ​ရေ​ငတ်​သည်”​ဟု မိန့်​တော်​မူ​၏။

29 ထို​အ​ရပ်​၌ ဝိုင်​ချဉ်​အ​ပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထား​ရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်​ချဉ်​ဝ​နေ​သော​ရေ​မြှုပ်​ကို ဟုဿုပ်​ရိုး​တံ​အ​ဖျား​၌​တပ်​လျက် နှုတ်​ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။

30 ထို​သို့ ဝိုင်​ချဉ်​ကို​ခံ​ယူ​ပြီး​သော​အ​ခါ ယေ​ရှု​သည် “အ​မှု​ပြီး​ပြီ”​ဟု မိန့်​တော်​မူ​လျက် ဦး​ခေါင်း​တော်​ငိုက်​စိုက်​ကျ​ကာ အ​သက်​ကို​စွန့်​တော်​မူ​၏။

နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ခြင်း

31 ထို​နေ့​သည် ပြင်​ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်​တစ်​နေ့​သည် ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် ထို​ဥ​ပုသ်​နေ့​တွင် လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​လောင်း​များ​မ​ရှိ​စေ​လို​သ​ဖြင့် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ တင်​ထား​ခြင်း​ခံ​ရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အ​လောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိ​လတ်​မင်း​ထံ တောင်း​ဆို​ကြ​၏။

32 ထို့​ကြောင့် စစ်​သား​တို့​သည်​လာ​၍ ယေ​ရှု​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သူ ပ​ထ​မ​တစ်​ဦး​၏​ခြေ​နှင့် နောက်​တစ်​ဦး​၏​ခြေ​တို့​ကို ချိုး​ကြ​၏။

33 သို့​သော် ယေ​ရှု​ထံ​သို့​ရောက်​၍ ကိုယ်​တော်​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း တွေ့​မြင်​သော​အ​ခါ ခြေ​တော်​ကို​မ​ချိုး​ဘဲ

34 စစ်​သား​တစ်​ဦး​က နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​လေ​၏။ ထို​အ​ခါ သွေး​နှင့်​ရေ​သည် ချက်​ချင်း​ထွက်​လာ​၏။

35 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ​ခဲ့​၍ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန်​ကန်​၏။ သင်​တို့​သည်​လည်း ယုံ​ကြည်​ကြ​ရန် သူ​သည် မှန်​ကန်​စွာ​ပြော​ဆို​နေ​ကြောင်း သူ​ကိုယ်​တိုင်​သိ​၏။

36 ဤ​သို့​ဖြစ်​ပျက်​ခဲ့​သည်​မှာ “သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ ချိုး​ဖဲ့​ခြင်း​မ​ခံ​ရ”​ဟူ​သော​ကျမ်း​ချက်​ကို ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

37 တစ်​ဖန် အ​ခြား​သော​ကျမ်း​ချက်​၌ “သူ​တို့​သည် မိ​မိ​တို့​ထိုး​ဖောက်​သော​သူ​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ဆို​ထား​၏။

ယေ​ရှု​ကိုသင်္ဂြိုလ်​ခြင်း

38 ထို​သို့​ဖြစ်​ပြီး​သည့်​နောက် ဂျူး​လူ​မျိုး​တို့​ကို​ကြောက်​သော​ကြောင့် လျှို့​ဝှက်​စွာ ယေ​ရှု​၏​တ​ပည့်​တော်​ဖြစ်​နေ​သော အ​ရိ​မ​သဲ​မြို့​သား ယော​သပ်​ဆို​သူ​သည် ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား တောင်း​ဆို​လေ​၏။ ပိ​လတ်​မင်း​သည်​လည်း ခွင့်​ပြု​လိုက်​သ​ဖြင့် သူ​သည်​လာ​၍ အ​လောင်း​တော်​ကို ယူ​သွား​လေ​၏။

39 ယ​ခင်​က ယေ​ရှု​ထံ​သို့ ည​အ​ချိန်​လာ​ဖူး​သော နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့်​အ​ကျော်​ရော​နှော​ထား​သော​နံ့​သာ ပိဿာ​နှစ်​ဆယ်​ခန့်​ကို ယူ​ဆောင်​၍​လာ​လေ​၏။

40 ထို​သူ​တို့​သည် ယေ​ရှု​၏​အ​လောင်း​တော်​ကို​ယူ​၍ ဂျူး​လူ​မျိုး​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင်​ရာ ဓ​လေ့​ထုံး​စံ​အ​တိုင်း အ​လောင်း​တော်​ကို အ​မွှေး​နံ့​သာ​နှင့်​အ​တူ ပိတ်​ထည်​များ​ဖြင့်​ပတ်​စည်း​ကြ​၏။

41 လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​တော်​မူ​သော​အ​ရပ်​တွင် ဥ​ယျာဉ်​တစ်​ခု​ရှိ​၍ ထို​ဥ​ယျာဉ်​၌ မည်​သူ့​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သေး​သော သင်္ချိုင်း​ဂူ​သစ်​တစ်​ခု​ရှိ​၏။

42 ထို​နေ့​သည် ဂျူး​လူ​မျိုး​တို့​၏​ပြင်​ဆင်​ရာ​နေ့​ဖြစ်​ပြီး ထို​သင်္ချိုင်း​ဂူ​သည်​လည်း အ​နီး​တွင်​ရှိ​သော​ကြောင့် ယေ​ရှု​ကို ထို​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21