ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3 MSB

ယေ​ရှု​နှင့်​နိ​ကော​ဒင်

1 ဖာ​ရိ​ရှဲ​တို့​ထဲ​တွင် နိ​ကော​ဒင်​အ​မည်​ရှိ​သော ဂျူး​လူ​မျိုး​တို့​၏​အ​ကြီး​အ​ကဲ​တစ်​ဦး​ရှိ​၏။

2 သူ​သည် ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​၍ “ရဗ္ဗိ၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော်​မ​မူ​လျှင် ကိုယ်​တော်​ပြု​နေ​သော ဤ​နိ​မိတ်​လက္ခ​ဏာ​များ​ကို မည်​သူ​မျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

3 ယေ​ရှု​က “သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ လူ​သည် အ​သစ်​တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

4 နိ​ကော​ဒင်​က​လည်း “အ​သက်​ကြီး​သော​သူ​သည် မည်​ကဲ့​သို့ မွေး​ဖွား​ခြင်း​ခံ​နိုင်​မည်​နည်း။ သူ့​မိ​ခင်​၏​ဝမ်း​ထဲ​သို့ နောက်​တစ်​ဖန်​ဝင်​၍ မွေး​ဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။

5 ယေ​ရှု​က “သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိ​ညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​နိုင်။

6 အ​သွေး​အ​သား​အား​ဖြင့် မွေး​ဖွား​သော​အ​ရာ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိ​ညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်​၏။

7 ‘သင်​တို့​သည် အ​သစ်​တစ်​ဖန်​မွေး​ဖွား​ခြင်း​ခံ​ရ​မည်’​ဟု ငါ​ဆို​သော​ကြောင့် မ​အံ့​သြ​နှင့်။

8 လေ​သည် အ​လို​ရှိ​ရာ​သို့​တိုက်​တတ်​၏။ သင်​သည် သူ့​အ​သံ​ကို​ကြား​ရ​သော်​လည်း မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။ ဝိ​ညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သော​သူ​တိုင်း​လည်း ထို​နည်း​တူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9 နိ​ကော​ဒင်​က​လည်း “ဤ​အ​ရာ​တို့​သည် မည်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း”​ဟု လျှောက်​ပြန်​သော်

10 ယေ​ရှု​က “သင်​သည် အစ္စ​ရေး​လူ​မျိုး​တို့​၏​ဆ​ရာ​ဖြစ်​လျက်​နှင့် ဤ​အ​ရာ​များ​ကို နား​မ​လည်​သ​လော။

11 သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို​ပြော​ဆို​လျက် ကိုယ်​မြင်​သော​အ​ရာ​ကို​သက်​သေ​ခံ​၏။ သို့​သော် သင်​တို့​သည် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​လက်​မ​ခံ​ကြ။

12 လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံ​ကြည်​ကြ​လျှင် ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ငါ​ပြော​သော​အ​ခါ သင်​တို့​သည် မည်​သို့​ယုံ​ကြည်​ကြ​မည်​နည်း။

13 ကောင်း​ကင်​မှ​ဆင်း​သက်​သော​လူ့​သား​မှ​တစ်​ပါး ကောင်း​ကင်​သို့​တက်​သွား​ခဲ့​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

14-15 မော​ရှေ​သည် တော​ကန္တာ​ရ​၌ မြွေ​ကို​မြှောက်​ထား​သ​ကဲ့​သို့ လူ့​သား​သည်​လည်း သူ့​ကို​ယုံ​ကြည်​သော​သူ​တိုင်း ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ရန် မြှောက်​ထား​ခြင်း​ခံ​ရ​မည်။

16 ဘု​ရား​သ​ခင်​သည် မိ​မိ​၏​တစ်​ပါး​တည်း​သော​သား​တော်​ကို စွန့်​တော်​မူ​သည့်​တိုင်​အောင် လော​ကီ​သား​တို့​ကို​ချစ်​တော်​မူ​၏။ ဤ​သည်​ကား သား​တော်​ကို​ယုံ​ကြည်​သော​သူ​တိုင်း မ​ပျက်​စီး​ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​ရန်​ဖြစ်​၏။

17 ဘု​ရား​သ​ခင်​သည် သား​တော်​ကို ဤ​လော​က​သို့​စေ​လွှတ်​တော်​မူ​သည်​မှာ လော​ကီ​သား​တို့​ကို ပြစ်​ဒဏ်​စီ​ရင်​ရန်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် သား​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​အ​တွက်​ဖြစ်​၏။

18 သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော်​၏​နာ​မ​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၏။

19 စီ​ရင်​ဆုံး​ဖြတ်​ချက်​ကား ဤ​သို့​ဖြစ်​၏။ အ​လင်း​သည် ဤ​လော​က​သို့​ရောက်​ရှိ​ပြီ​ဖြစ်​သော်​လည်း လူ​တို့​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​မ​ကောင်း​သော​ကြောင့် အ​လင်း​ထက် အ​မှောင်​ကို ပို​၍​နှစ်​သက်​ကြ​၏။

20 ဆိုး​ညစ်​သော​အ​မှု​များ​ကို ပြု​ကျင့်​သော​သူ​တိုင်း အ​လင်း​ကို​မုန်း​လျက် မိ​မိ​ပြု​သော​အ​မှု​များ ဖော်​ပြ​ခြင်း​ခံ​ရ​မည်​ကို​စိုး​ရိမ်​သ​ဖြင့် အ​လင်း​ထံ​သို့​မ​ချဉ်း​ကပ်​ကြ။

21 သမ္မာ​တ​ရား​ကို​ကျင့်​သုံး​သော​သူ​မူ​ကား မိ​မိ​ပြု​သော​အ​မှု​များ​သည် ဘု​ရား​သ​ခင်​အား​ဖြင့်​ပြု​ခြင်း​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် အ​လင်း​ထံ​သို့​ချဉ်း​ကပ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ယေ​ရှု​နှင့်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်

22 ထို့​နောက် ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယု​ဒ​နယ်​သို့​ကြွ​တော်​မူ​ပြီး ထို​အ​ရပ်​၌ သူ​တို့​နှင့်​အ​တူ​နေ​လျက် ဗတ္တိ​ဇံ​ပေး​တော်​မူ​၏။

23 ယော​ဟန်​သည်​လည်း ရှာ​လိမ်​မြို့​အ​နီး အဲ​နုန်​အ​ရပ်​တွင် ရေ​များ​စွာ​ရှိ​သော​ကြောင့် ထို​အ​ရပ်​၌ ဗတ္တိ​ဇံ​ပေး​လျက်​နေ​သ​ဖြင့် လူ​တို့​သည်​လာ​၍ ဗတ္တိ​ဇံ​ခံ​ကြ​၏။

24 (ယော​ဟန်​သည် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​မ​ခံ​ရ​သေး​သော​ကြောင့်​ဖြစ်​၏။)

25 ထို​အ​ခါ ယော​ဟန်​၏​တ​ပည့်​တို့​သည် စင်​ကြယ်​ခြင်း​ဝတ်​နှင့်​ပတ်​သက်​၍ ဂျူး​လူ​မျိုး​တစ်​ဦး​နှင့်​ငြင်း​ခုံ​ဆွေး​နွေး​ကြ​၏။

26 သူ​တို့​သည် ယော​ဟန်​ထံ​သို့​လာ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​၌ ရဗ္ဗိ​နှင့်​အ​တူ​ရှိ​၍ ရဗ္ဗိ​က သက်​သေ​ခံ​ပေး​ခဲ့​သူ​သည် ဗတ္တိ​ဇံ​ပေး​လျက်​နေ​သ​ဖြင့် လူ​အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​သွား​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

27 ယော​ဟန်​က “ကောင်း​ကင်​မှ​ပေး​တော်​မ​မူ​လျှင် လူ​သည် မည်​သည့်​အ​ရာ​ကို​မျှ​မ​ရ​နိုင်။

28 ‘ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်။ သူ့​ရှေ့​၌​စေ​လွှတ်​ခြင်း​ခံ​ရ​သူ​သာ​ဖြစ်​သည်’​ဟု ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​ကိုယ်​တိုင် ငါ​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

29 သ​တို့​သ​မီး​ကို​ရ​သော​သူ​သည် သ​တို့​သား​ဖြစ်​၏။ သ​တို့​သား​၏​အ​သံ​ကို ရပ်​လျက်​နား​ထောင်​နေ​သော သ​တို့​သား​၏​မိတ်​ဆွေ​မူ​ကား သ​တို့​သား​၏​အ​သံ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍ ငါ​သည်​လည်း ထို​ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​ဝ​လျက်​ရှိ​၏။

30 ထို​အ​ရှင်​သည် တိုး​ပွား​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်”​ဟု ပြန်​ပြော​လေ​၏။

ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​သော​သူ

31 အ​ထက်​မှ​ကြွ​လာ​သော​အ​ရှင်​သည် အ​လုံး​စုံ​တို့​၏​အ​ထွတ်​ဖြစ်​၏။ မြေ​ကြီး​မှ​ဖြစ်​သော​သူ​သည် မြေ​ကြီး​နှင့်​ဆိုင်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော​အ​ရာ​ကို​ပြော​ဆို​တတ်​၏။ ကောင်း​ကင်​မှ​ကြွ​လာ​သော​အ​ရှင်​သည် အ​လုံး​စုံ​တို့​၏​အ​ထွတ်​ဖြစ်​၏။

32 ကိုယ်​တော်​သည် မိ​မိ​မြင်​ခဲ့၊ ကြား​ခဲ့​ရ​သော​အ​ရာ​ကို သက်​သေ​ခံ​သော်​လည်း ကိုယ်​တော်​၏​သက်​သေ​ခံ​ချက်​ကို မည်​သူ​မျှ​လက်​မ​ခံ​ကြ။

33 ကိုယ်​တော်​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​သော​သူ​ကား ဘု​ရား​သ​ခင်​သည်​ဖြောင့်​မှန်​တော်​မူ​ကြောင်း တံ​ဆိပ်​ခတ်​နှိပ်​၏။

34 ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​စ​ကား​တော်​များ​ကို​မြွက်​ဆို​တတ်​၏။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ဆ​မ​ရှိ​ပေး​တော်​မူ​၏။

35 ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ​၍ အ​ရာ​ခပ်​သိမ်း​တို့​ကို သား​တော်​လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။

36 သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သား​တော်​ကို​မ​နာ​ခံ​သော​သူ​မူ​ကား အ​သက်​ကို​မ​တွေ့​မ​မြင်​ရ​သည်​သာ​မ​က ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည် သူ့​အ​ပေါ်​၌​တည်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21