ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16 MSB

1 သင်​တို့​စိတ်​မ​ပျက်​စေ​ရန် ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​ထား​၏။

2 လူ​တို့​သည် သင်​တို့​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ ထုတ်​ပယ်​ကြ​လိမ့်​မည်။ ထို​မျှ​မ​က သင်​တို့​ကို​သတ်​သော​သူ​တိုင်း မိ​မိ​တို့​သည် ဘု​ရား​ဝတ်​ကို​ပြု​နေ​သည်​ဟု ထင်​မှတ်​သော​အ​ချိန်​ကာ​လ​ရောက်​လာ​တော့​မည်။

3 သူ​တို့​သည် ခ​မည်း​တော်​ကို​လည်း​ကောင်း၊ ငါ့​ကို​လည်း​ကောင်း မ​သိ​သော​ကြောင့် ထို​သို့​ပြု​ကြ​လိမ့်​မည်။

4 ထို​အ​ချိန်​ကာ​လ​ရောက်​လာ​သော​အ​ခါ ငါ​သည် ဤ​သို့​ပြော​ခဲ့​ကြောင်း သင်​တို့​သ​တိ​ရ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား ပြော​ထား​၏။ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ​များ​ကို အ​စ​အ​ဦး​၌ သင်​တို့​အား မ​ပြော​ခဲ့​ပေ။

5 ယ​ခု​မူ​ကား ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့ ငါ​သွား​တော့​မည်။ သို့​သော် သင်​တို့​ထဲ​မှ မည်​သူ​က​မျှ ‘ကိုယ်​တော်​သည် မည်​သည့်​အ​ရပ်​သို့ သွား​မည်​နည်း’​ဟု ငါ့​အား မ​မေး​ကြ။

6 ထို့​ပြင် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​သော​ကြောင့် သင်​တို့​စိတ်​နှ​လုံး​သည် ဝမ်း​နည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။

7 သို့​သော် ငါ​သည် သင်​တို့​အား ဟုတ်​မှန်​ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အ​တွက်​အ​ကျိုး​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​မ​သွား​လျှင် ကူ​ညီ​မ​စ​သူ​သည် သင်​တို့​ထံ​သို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား ထို​အ​ရှင်​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။

8 ထို​အ​ရှင်​ရောက်​လာ​သော​အ​ခါ လော​ကီ​သား​တို့​အား အ​ပြစ်​အ​ကြောင်း၊ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​နှင့် တ​ရား​စီ​ရင်​ခြင်း​အ​ကြောင်း​တို့​ကို ဖော်​ပြ​မည်။

9 သူ​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော​ကြောင့် အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊

10 ငါ​သည် ခ​မည်း​တော်​ထံ​သို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊

11 ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် တ​ရား​စီ​ရင်​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​မည်။

12 သင်​တို့​အား ငါ​ပြော​စ​ရာ​များ​စွာ​ရှိ​သေး​သော်​လည်း သင်​တို့​သည် ယ​ခု​မ​ခံ​ယူ​နိုင်​ကြ။

13 သို့​ရာ​တွင် သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​တော်​ရောက်​လာ​သော​အ​ခါ သမ္မာ​တ​ရား​အ​လုံး​စုံ​ထဲ​သို့ သင်​တို့​ကို လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​ဝိ​ညာဉ်​တော်​သည် မိ​မိ​ဆန္ဒ​အ​လျောက် မြွက်​ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သ​မျှ​တို့​ကို မြွက်​ဆို​တော်​မူ​၍ နောင်​ဖြစ်​လာ​မည့်​အ​ရာ​တို့​ကို သင်​တို့​အား ဖော်​ပြ​တော်​မူ​လိမ့်​မည်။

14 ထို​အ​ရှင်​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ကို​ယူ​၍ သင်​တို့​အား ဖော်​ပြ​မည်​ဖြစ်​သော​ကြောင့် ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​မည်။

15 ခ​မည်း​တော်​၌​ရှိ​သော​အ​ရာ​အား​လုံး​တို့​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ဖြစ်​၏။ ထို့​ကြောင့် ဝိ​ညာဉ်​တော်​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ကို​ယူ​၍ သင်​တို့​အား​ဖော်​ပြ​မည်​ဟု ငါ​ဆို​ခဲ့​၏။

16 ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​လုပ်​ဆောင်​ချက်

17 ထို​အ​ခါ တ​ပည့်​တော်​အ​ချို့​တို့​သည် “‘ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်’​ဟူ​၍​လည်း​ကောင်း၊ ‘ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်’​ဟူ​၍​လည်း​ကောင်း ငါ​တို့​အား မိန့်​တော်​မူ​သော​ဤ​စ​ကား​မှာ မည်​သို့​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

18 တစ်​ဖန် သူ​တို့​က “‘ခ​ဏ​ကြာ​လျှင်’​ဟူ​၍ မိန့်​တော်​မူ​သော​ဤ​စ​ကား​မှာ မည်​သို့​နည်း။ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ရာ​ကို ငါ​တို့​နား​မ​လည်​ကြ”​ဟု ပြော​ဆို​ကြ​၏။

19 ယေ​ရှု​သည် မိ​မိ​အား တ​ပည့်​တော်​တို့​မေး​လျှောက်​လို​ကြ​သည်​ကို သိ​မြင်​တော်​မူ​လျှင် “‘ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်’​ဟု ငါ​ပြော​သော​စ​ကား​နှင့်​ပတ်​သက်​၍ အ​ချင်း​ချင်း​မေး​မြန်း​ပြော​ဆို​နေ​ကြ​သ​လော။

20 သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​သည် ငို​ကြွေး​လျက်​မြည်​တမ်း​ကြ​လိမ့်​မည်။ ဤ​လော​က​မူ​ကား ဝမ်း​မြောက်​လိမ့်​မည်။ သင်​တို့​သည် ဝမ်း​နည်း​ကြ​သော်​လည်း သင်​တို့​၏​ဝမ်း​နည်း​ခြင်း​သည် ဝမ်း​မြောက်​ခြင်း​ဖြစ်​သွား​လိမ့်​မည်။

21 အ​မျိုး​သ​မီး​တစ်​ဦး​သည် သား​ဖွား​သော​အ​ခါ မွေး​ဖွား​ချိန်​ရောက်​လာ​သော​ကြောင့် ပူ​ဆွေး​ခြင်း​ရှိ​တတ်​၏။ သို့​ရာ​တွင် က​လေး​မွေး​ဖွား​ပြီး​သော​အ​ခါ ဤ​လော​က​တွင် လူ​တစ်​ယောက်​ဖွား​မြင်​သည့်​အ​တွက် ဝမ်း​မြောက်​ခြင်း​ရှိ​သ​ဖြင့် ခံ​စား​ခဲ့​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို သ​တိ​မ​ရ​တော့​ပေ။

22 ထို့​အ​တူ သင်​တို့​သည် ယ​ခု​ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း ငါ​သည် သင်​တို့​နှင့် တစ်​ဖန် ပြန်​တွေ့​မည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​သည် ဝမ်း​မြောက်​ခြင်း​ဖြင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို မည်​သူ​မျှ သင်​တို့​ထံ​မှ မ​နုတ်​ယူ​နိုင်​ရာ။

23 ထို​နေ့​၌ သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ ငါ့​အား​မေး​မြန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​သည် တစ်​စုံ​တစ်​ခု​ကို ငါ​၏​နာ​မ​၌ ခ​မည်း​တော်​ထံ တောင်း​လျှောက်​ကြ​လျှင် ခ​မည်း​တော်​သည်​ပေး​တော်​မူ​မည်။

24 သင်​တို့​သည် ယ​ခု​တိုင်​အောင် ငါ့​နာ​မ​၌ မည်​သည့်​အ​ရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။

25 ဤ​အ​ရာ​များ​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​သော်​လည်း ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​ပြော​တော့​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို သင်​တို့​အား အ​တိ​အ​လင်း​ငါ​ဖော်​ပြ​မည့်​အ​ချိန်​ကာ​လ​ရောက်​လာ​တော့​မည်။

26 ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာ​မ​၌ တောင်း​လျှောက်​ကြ​လိမ့်​မည်။ သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။

27 အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​သည်​ကို ယုံ​ကြည်​ကြ​သော​ကြောင့် ခ​မည်း​တော်​ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ​၏။

28 ငါ​သည် ခ​မည်း​တော်​ထံ​မှ ကြွ​လာ​၍ ဤ​လော​က​သို့ ရောက်​ခဲ့​၏။ တစ်​ဖန် ဤ​လော​က​မှ ထွက်​ခွာ​၍ ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်”​ဟု မိန့်​တော်​မူ​၏။

လော​က​ကို​အောင်​တော်​မူ​ခြင်း

29 တ​ပည့်​တော်​တို့​က “ယ​ခု ကိုယ်​တော်​သည် ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​တော့​ဘဲ အ​တိ​အ​လင်း​မြွက်​ဆို​တော်​မူ​၏။

30 ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို သိ​မြင်​တော်​မူ​၍ မည်​သူ​မျှ ကိုယ်​တော်​ကို မေး​လျှောက်​စ​ရာ​မ​လို​ကြောင်း ယ​ခု အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အ​ကြောင်း​ကို​ထောက်​၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။

31 ယေ​ရှု​က​လည်း “ယ​ခု သင်​တို့​ယုံ​ကြည်​ကြ​သ​လော။

32 ကြည့်​ရှု​လော့။ သင်​တို့​သည် တစ်​ကွဲ​တစ်​ပြား​စီ​ဖြစ်​လျက် မိ​မိ​တို့​အိမ်​သို့ အ​သီး​သီး​ပြန်​သွား​ကြ​ကာ ငါ့​ကို တစ်​ကိုယ်​တည်း​ပစ်​ထား​မည့်​အ​ချိန်​ရောက်​လာ​မည်​ဖြစ်​ရာ ယ​ခု​ပင်​ရောက်​လာ​လေ​ပြီ။ သို့​ရာ​တွင် ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ငါ​သည် တစ်​ကိုယ်​တည်း​မ​ဟုတ်။

33 သင်​တို့​သည် ငါ့​အား​ဖြင့် ငြိမ်​သက်​ခြင်း​ရှိ​ကြ​စေ​ရန် ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် ဤ​လော​က​၌ ဆင်း​ရဲ​ဒုက္ခ​နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။ သို့​သော် မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လော​က​ကို​အောင်​နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21