ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7 MSB

ယေ​ရှု​၏​ညီ​တော်​တို့​မ​ယုံ​ကြည်​ကြ​ခြင်း

1 ထို့​နောက် ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်​တွင် လှည့်​လည်​တော်​မူ​၏။ အ​ကြောင်း​မှာ ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​သော​ကြောင့် ယု​ဒ​နယ်​၌​လှည့်​လည်​ရန် အ​လို​တော်​မ​ရှိ။

2 သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​၏​ပွဲ​တော်​တည်း​ဟူ​သော ယာ​ယီ​တဲ​စု​ပွဲ​တော်​နီး​ကပ်​လာ​သော​အ​ခါ

3 ညီ​တော်​တို့​က ကိုယ်​တော်​အား “သင်​ပြု​နေ​သော​အ​မှု​အ​ရာ​များ​ကို သင်​၏​တ​ပည့်​တို့​သည်​လည်း မြင်​ရ​ရန် ဤ​အ​ရပ်​မှ ထွက်​ခွာ​၍ ယု​ဒ​နယ်​သို့ သွား​ပါ​လော့။

4 မိ​မိ​ကိုယ်​ကို​ထင်​ပေါ်​ကျော်​စော​စေ​လို​၍ တစ်​စုံ​တစ်​ခု​ကို လျှို့​ဝှက်​စွာ​ပြု​သော​သူ​မ​ရှိ။ သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​ပြု​သည်​ဆို​လျှင် ဤ​လော​က​၌ သင့်​ကိုယ်​သင်​ထင်​ရှား​စေ​ပါ”​ဟု ဆို​ကြ​၏။

5 ထို​သို့​ဆို​ကြ​ခြင်း​မှာ ညီ​တော်​တို့​ပင် ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

6 ထို့​ကြောင့် ယေ​ရှု​က ညီ​တော်​တို့​အား “ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား အ​မြဲ​အ​ဆင်​သင့်​ဖြစ်​၏။

7 လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား မုန်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည် သူ​တို့​ပြု​သော​အ​မှု​များ​မ​ကောင်း​ကြောင်း​ကို ထောက်​ပြ​သော​ကြောင့်​ဖြစ်​၏။

8 ပွဲ​တော်​သို့ သင်​တို့​တက်​သွား​ကြ​လော့။ ငါ့​အ​ချိန်​မ​ပြည့်​စုံ​သေး​သ​ဖြင့် ဤ​ပွဲ​တော်​သို့ ငါ​မ​သွား”​ဟု

9 မိန့်​တော်​မူ​ပြီး​လျှင် ဂါ​လိ​လဲ​နယ်​တွင် နေ​ရစ်​တော်​မူ​၏။

ယာ​ယီ​တဲ​စု​ပွဲ​တော်​၌ ယေ​ရှု​ဟော​ပြော​သွန်​သင်​တော်​မူ​ခြင်း

10 သို့​ရာ​တွင် ပွဲ​တော်​သို့ ညီ​တော်​တို့​သွား​ကြ​ပြီး​နောက် ကိုယ်​တော်​သည်​လည်း မ​ထင်​မ​ရှား လျှို့​ဝှက်​စွာ​ကြွ​တော်​မူ​၏။

11 ထို​ပွဲ​တော်​တွင် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​လိုက်​ရှာ​လျက် “ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

12 လူ​ထု​ပ​ရိ​သတ်​တို့​ထဲ​တွင် ကိုယ်​တော်​နှင့်​ပတ်​သက်​၍ အ​မျိုး​မျိုး​တီး​တိုး​ပြော​ဆို​နေ​ကြ​၏။ လူ​အ​ချို့​တို့​က “သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူ​ထု​ပ​ရိ​သတ်​ကို​လှည့်​ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။

13 သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​ကို​ကြောက်​ကြ​သော​ကြောင့် မည်​သူ​မျှ ကိုယ်​တော်​အ​ကြောင်း​ကို ပွင့်​လင်း​စွာ​မ​ပြော​ဆို​ကြ​ချေ။

14 ပွဲ​တော်​ကာ​လ ထက်​ဝက်​မျှ​လွန်​သော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်​သွား​၍ သွန်​သင်​တော်​မူ​၏။

15 ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​သည်​အံ့​ဩ​လျက် “ဤ​သူ​သည် သင်​ယူ​ခြင်း​မ​ရှိ​ဘဲ ကျမ်း​များ​ကို မည်​သို့​တတ်​သ​နည်း”​ဟု ဆို​ကြ​၏။

16 ယေ​ရှု​က​လည်း “ငါ​၏​သွန်​သင်​ချက်​သည် ငါ​ကိုယ်​တိုင်​၏​သွန်​သင်​ချက်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​သွန်​သင်​ချက်​ဖြစ်​၏။

17 မည်​သူ​မ​ဆို ထို​အ​ရှင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်​သင်​ချက်​သည် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သ​လော သို့​မ​ဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​ဟော​ပြော​နေ​သ​လော​ဆို​သည်​ကို သိ​လိမ့်​မည်။

18 မိ​မိ​ဆန္ဒ​အ​လျောက်​ဟော​ပြော​သော​သူ​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​တတ်​၏။ မိ​မိ​ကို​စေ​လွှတ်​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော​သူ​မူ​ကား ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မ​တ​ရား​မှု​မ​ရှိ။

19 မော​ရှေ​သည် သင်​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့​သော် သင်​တို့​တွင် ထို​ပ​ညတ်​တ​ရား​ကို လိုက်​နာ​ကျင့်​သုံး​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အ​ဘယ်​ကြောင့် ငါ့​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​သ​နည်း”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

20 လူ​ထု​ပ​ရိ​သတ်​က “သင့်​ကို​နတ်​ဆိုး​ပူး​နေ​၏။ သင့်​ကို​သတ်​ရန် မည်​သူ​ရှာ​ကြံ​နေ​သ​နည်း”​ဟု ဆို​ကြ​၏။

21 ယေ​ရှု​က​လည်း “အ​မှု​တစ်​ခု​ကို ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး​သည် အံ့​ဩ​ကြ​၏။

22 မော​ရှေ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ဓ​လေ့​ကို သင်​တို့​အား​ပေး​ခဲ့​သော​ကြောင့် သင်​တို့​သည် ဥ​ပုသ်​နေ့​၌​ပင် လူ​ကို​အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ကြ​၏။ (အ​မှန်​မှာ ဤ​ဓ​လေ့​သည် မော​ရှေ​ထံ​မှ​မ​ဟုတ်​ဘဲ ဘိုး​ဘေး​များ​ထံ​မှ​လာ​၏။)

23 လူ​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​ချိုး​ဖောက်​ရန် ဥ​ပုသ်​နေ့​တွင် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆို​လျှင် ငါ​သည် ဥ​ပုသ်​နေ့​၌ လူ​တစ်​ကိုယ်​လုံး​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​သည့်​အ​တွက် ငါ့​ကို​စိတ်​ဆိုး​ရ​သ​လော။

24 အ​ပြင်​ပန်း​အား​ဖြင့် လူ​ကို​မ​စီ​ရင်​ဘဲ တ​ရား​မျှ​တ​စွာ​စီ​ရင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

ခ​ရစ်​တော်​ဖြစ်​ကြောင်း​လက္ခ​ဏာ

25 ထို​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့​သား​အ​ချို့​တို့​က “ဤ​သူ​သည် သူ​တို့​သတ်​ရန် ရှာ​ကြံ​နေ​သော​သူ​မ​ဟုတ်​လော။

26 ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော​နေ​ပါ​လျက် သူ​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​ပြော​ကြ​ပါ​တ​ကား။ ဤ​သူ​ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ကြီး​အ​ကဲ​တို့​သည် အ​မှန်​ပင်​သိ​ကြ​ပြီ​လော။

27 သို့​ရာ​တွင် ဤ​သူ​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​မူ​ကား အ​ဘယ်​က​လာ​သည်​ကို မည်​သူ​မျှ​မ​သိ​နိုင်​ရာ”​ဟု ဆို​ကြ​၏။

28 ထို့​ကြောင့် ယေ​ရှု​သည် ဗိ​မာန်​တော်​၌ သွန်​သင်​တော်​မူ​စဉ် “သင်​တို့​သည် ငါ့​ကို​သိ​၍ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင် ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ဖြောင့်​မှန်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ သင်​တို့​သည် ထို​အ​ရှင်​ကို​မ​သိ​ကြ။

29 ငါ​မူ​ကား သိ​၏။ အ​ကြောင်း​မူ​ကား ငါ​သည် ထို​အ​ရှင်​ထံ​မှ​လာ​၍ ထို​အ​ရှင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏”​ဟု ကြွေး​ကြော်​တော်​မူ​၏။

30 ထို​အ​ခါ လူ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြိုး​စား​ကြ​သော်​လည်း ကိုယ်​တော်​၏​အ​ချိန်​မ​ရောက်​သေး​သော​ကြောင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

31 သို့​ရာ​တွင် လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​အ​များ​စု​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​လျက် “ခ​ရစ်​တော်​ကြွ​လာ​သော​အ​ခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို​၍​များ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

32 လူ​ထု​ပ​ရိ​သတ်​သည် ယေ​ရှု​နှင့်​ပတ်​သက်​၍ ထို​သို့​တီး​တိုး​ပြော​ဆို​နေ​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​ကြား​လျှင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် အ​စောင့်​တပ်​သား​များ​ကို​စေ​လွှတ်​ကြ​၏။

33 ထို​အ​ခါ ယေ​ရှု​က “ငါ​သည် သင်​တို့​နှင့်​အ​တူ နောက်​ထပ် ခ​ဏ​နေ​ပြီး​လျှင် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့ သွား​မည်။

34 သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်​လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အ​ရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

35 ဂျူး​လူ​မျိုး​တို့​က​လည်း “ငါ​တို့​ရှာ​၍​မ​တွေ့​စေ​ရန် ဤ​သူ​သည် မည်​သည့်​အ​ရပ်​သို့​သွား​ရန် ကြံ​ရွယ်​နေ​သ​နည်း။ ဂ​ရိ​လူ​မျိုး​တို့​ရှိ​ရာ​အ​ရပ်​ရပ်​တို့​၌ ကွဲ​လွင့်​ပျံ့​နှံ့​နေ​သော​သူ​တို့​ထံ​သို့​သွား​၍ ဂ​ရိ​လူ​မျိုး​တို့​ကို​သွန်​သင်​ရန် ကြံ​ရွယ်​နေ​သ​လော။

36 ‘သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်​လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အ​ရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ’​ဟူ​၍ သူ​ပြော​သော​စ​ကား​၏​အ​ဓိပ္ပာယ်​မှာ မည်​သို့​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ပေး​မည်​ဟူ​သော​က​တိ​တော်

37 ထို​ပွဲ​တော်​၏​ကြီး​မြတ်​သော​နေ့​ဖြစ်​သည့် နောက်​ဆုံး​နေ့​၌ ယေ​ရှု​သည်​ရပ်​လျက် “မည်​သူ​မ​ဆို ရေ​ငတ်​လျှင် ငါ့​ထံ​သို့​လာ​၍ သောက်​လော့။

38 ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​က​ဆို​ထား​သည့်​အ​တိုင်း သူ​၏​နှ​လုံး​သား​အ​ထဲ​မှ အ​သက်​ရေ​မြစ်​များ စီး​ထွက်​လိမ့်​မည်”​ဟု ကြွေး​ကြော်​တော်​မူ​၏။

39 ဤ​သည်​ကား ကိုယ်​တော်​ကို​ယုံ​ကြည်​သော​သူ​တို့​ခံ​ယူ​ရ​ရှိ​မည့် ဝိ​ညာဉ်​တော်​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ယေ​ရှု​သည် ဘုန်း​တော်​ထင်​ရှား​ခြင်း​မ​ရှိ​သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​ပေး​တော်​မ​မူ​သေး။

ယေ​ရှု​ကြောင့် လူ​တို့​ကွဲ​ပြား​ကြ​ခြင်း

40 လူ​ထု​ပ​ရိ​သတ်​ထဲ​မှ အ​ချို့​တို့​သည် ဤ​တ​ရား​စ​ကား​တို့​ကို​ကြား​သော​အ​ခါ “ဤ​သူ​သည် အ​မှန်​ပင် ထို​ပ​ရော​ဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

41 အ​ချို့​တို့​က​လည်း “ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့​ရာ​တွင် အ​ချို့​တို့​က “ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​နယ်​မှ​ပေါ်​ထွန်း​ပါ​မည်​လော။

42 ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​မှ​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ခဲ့​ရာ​ဗက်​လင်​ရွာ​မှ​လည်း​ကောင်း ပေါ်​ထွန်း​မည်​ဟူ​၍ ကျမ်း​စာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

43 ဤ​သို့​ဖြင့် လူ​ထု​ပ​ရိ​သတ်​ထဲ​တွင် ကိုယ်​တော်​ကြောင့် ကွဲ​ပြား​ခြင်း​ရှိ​ကြ​၏။

44 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို​ကြ​သော်​လည်း မည်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

ယေ​ရှု​အ​ကြောင်း​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​ခြင်း

45 ထို့​နောက် အ​စောင့်​တပ်​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပြန်​လာ​ကြ​ရာ ထို​အ​ကြီး​အ​ကဲ​တို့​က “အ​ဘယ်​ကြောင့် သူ့​ကို​မ​ခေါ်​ဆောင်​လာ​ကြ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

46 အ​စောင့်​တပ်​သား​တို့​က “ထို​သူ​ကဲ့​သို့ မည်​သူ​မျှ​မ​ဟော​ပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။

47 ဖာ​ရိ​ရှဲ​တို့​က​လည်း “သင်​တို့​ပင်​လျှင် လှည့်​ဖြား​ခံ​ရ​ကြ​ပြီ​လော။

48 အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​တွင် သူ့​ကို​ယုံ​ကြည်​ခဲ့​သူ​တစ်​စုံ​တစ်​ဦး​ပင်​ရှိ​သ​လော။

49 သို့​သော် ပ​ညတ်​တ​ရား​ကို​မ​သိ​သော ဤ​လူ​ထု​ပ​ရိ​သတ်​သည် ကျိန်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တ​ကား”​ဟု ဆို​ကြ​၏။

50 ထို​သူ​တို့​ထဲ​မှ​တစ်​ဦး​ဖြစ်​ပြီး ယ​ခင်​က​ကိုယ်​တော်​ထံ​သို့​လာ​ခဲ့​ဖူး​သော နိ​ကော​ဒင်​က

51 “ငါ​တို့​၏​ပ​ညတ်​တ​ရား​သည် လူ​တစ်​ဦး​ကို သူ့​ထံ​မှ ဦး​စွာ​ကြား​နာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အ​မှု​အ​ရာ​ကို​လည်း​မ​သိ​ဘဲ စီ​ရင်​ပါ​မည်​လော”​ဟု ဆို​လျှင်

52 သူ​တို့​က “သင်​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ဖြစ်​သ​လော။ ဂါ​လိ​လဲ​နယ်​မှ ပ​ရော​ဖက် မ​ပေါ်​ထွန်း​ကြောင်း​ကို စူး​စမ်း​လေ့​လာ​၍ သိ​မှတ်​လော့”​ဟု ဆို​ကြ​၏။

53 [ထို့​နောက် သူ​တို့​သည် မိ​မိ​တို့​အိမ်​သို့ အ​သီး​သီး​ပြန်​သွား​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21