ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1 MSB

နိ​ဒါန်း

1 အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ​၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။

2 နှုတ်​က​ပတ်​တော်​သည် အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​၏။

3 ခပ်​သိမ်း​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​လာ​၏။ ဖြစ်​လာ​သော​အ​ရာ​တို့​တွင် တစ်​စုံ​တစ်​ခု​မျှ နှုတ်​က​ပတ်​တော်​နှင့်​ကင်း​လွတ်​၍ ဖြစ်​လာ​ခြင်း​မ​ရှိ။

4 နှုတ်​က​ပတ်​တော်​၌ အ​သက်​ရှိ​၍ ထို​အ​သက်​သည် လူ​တို့​၏​အ​လင်း​ဖြစ်​၏။

5 ထို​အ​လင်း​သည် မှောင်​မိုက်​၌​ထွန်း​လင်း​၍ မှောင်​မိုက်​သည် သူ့​ကို​မ​လွှမ်း​မိုး​နိုင်။

6 ဘု​ရား​သ​ခင်​ထံ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သော ယော​ဟန်​အ​မည်​ရှိ​သူ​တစ်​ဦး​ပေါ်​ထွန်း​လာ​၏။

7 လူ​အ​ပေါင်း​တို့​သည် သူ့​အား​ဖြင့် ယုံ​ကြည်​လာ​မည့်​အ​ကြောင်း သူ​သည် အ​လင်း​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန် သက်​သေ​အ​ဖြစ်​လာ​၏။

8 သူ​သည်​အ​လင်း​မ​ဟုတ်။ အ​လင်း​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​သာ​လာ​၏။

9 စစ်​မှန်​သော​အ​လင်း​သည် ဤ​လော​က​သို့​ကြွ​လာ​၍ လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​အ​ရှင်​ဖြစ်​၏။

10 ကိုယ်​တော်​သည် ဤ​လော​က​၌​ရှိ​နှင့်​တော်​မူ​၍ ဤ​လော​က​သည် ကိုယ်​တော်​အား​ဖြင့်​ဖြစ်​လာ​သော်​လည်း ဤ​လော​က​သည် ကိုယ်​တော်​ကို​မ​သိ။

11 ကိုယ်​တော်​သည် မိ​မိ​အ​ရပ်​သို့​ကြွ​လာ​သော်​လည်း မိ​မိ​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။

12 သို့​ရာ​တွင် ကိုယ်​တော်​ကို​လက်​ခံ​သ​မျှ​သော​သူ​တည်း​ဟူ​သော ကိုယ်​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​သော​သူ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​၏။

13 ထို​သား​သ​မီး​တို့​သည် မျိုး​ရိုး​ဇာ​တိ​အား​ဖြင့်​သော်​လည်း​ကောင်း၊ ကိုယ်​ကာ​ယ​၏​အ​လို​ဆန္ဒ​အား​ဖြင့်​သော်​လည်း​ကောင်း၊ လူ​၏​အ​လို​ဆန္ဒ​အား​ဖြင့်​သော်​လည်း​ကောင်း မွေး​ဖွား​ကြ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​အား​ဖြင့်​သာ မွေး​ဖွား​ကြ​၏။

14 နှုတ်​က​ပတ်​တော်​သည် လူ​သား​အ​ဖြစ်​ကို​ခံ​ယူ​၍ အ​ကျွန်ုပ်​တို့​တွင်​စံ​မြန်း​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​၏​ဘုန်း​တော်​ကို ဖူး​မြင်​ကြ​ရ​၏။ ထို​ဘုန်း​တော်​ကား ခ​မည်း​တော်​ထံ​ပါး​၌ တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သမ္မာ​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​၏။

15 ယော​ဟန်​သည် ထို​အ​ရှင်​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက် “ငါ့​နောက်​တွင် ကြွ​လာ​သော​အ​ရှင်​သည် ငါ့​ထက်​အ​လျင်​ဦး​စွာ​ရှိ​နှင့်​သည်​ဖြစ်​၍ ငါ့​ထက်​ကြီး​မြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အ​ရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေး​ကြော်​လေ​၏။

16 အ​ကျွန်ုပ်​တို့​အား​လုံး​သည် ထို​အ​ရှင်​၏​ပြည့်​စုံ​တော်​မူ​ခြင်း​ထဲ​မှ ကျေး​ဇူး​တော်​အ​ပေါ်​၌ ထပ်​ဆင့်​၍ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပြီ။

17 အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​ကို မော​ရှေ​အား​ဖြင့်​ပေး​တော်​မူ​၏။ ကျေး​ဇူး​တော်​နှင့်​သမ္မာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့်​ဖြစ်​လာ​၏။

18 ဘု​ရား​သ​ခင်​ကို မည်​သူ​မျှ​မ​မြင်​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​သည့် တစ်​ပါး​တည်း​သော​သား​တော်​ဘု​ရား​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​သက်​သေ​ခံ​ချက်

19 ဂျူး​လူ​မျိုး​တို့​သည် ယော​ဟန်​ထံ​သို့ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဂျေ​ရု​ဆ​လင်​မြို့​မှ​စေ​လွှတ်​၍ “သင်​သည်​မည်​သူ​နည်း”​ဟု မေး​မြန်း​စေ​ကြ​သော​အ​ခါ ယော​ဟန်​၏​သက်​သေ​ခံ​ချက်​မှာ ဤ​သို့​ဖြစ်​၏။

20 ယော​ဟန်​သည် ထိမ်​ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်​ခံ​၍ “ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်”​ဟု အ​တိ​အ​လင်း​ပြော​လေ​၏။

21 ထို​အ​ခါ သူ​တို့​က “သို့​ဖြစ်​လျှင် သင်​သည်​မည်​သူ​နည်း။ ဧ​လိ​ယ​လော”​ဟု မေး​ကြ​သော် ယော​ဟန်​က “ငါ​သည် ဧ​လိ​ယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပ​ရော​ဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။

22 ထို​သူ​တို့​က​လည်း “သင်​သည်​မည်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေ​ကြား​နိုင်​ရန် သင့်​အ​ကြောင်း​ကို သင်​မည်​သို့​ပြော​မည်​နည်း”​ဟု ဆို​ကြ​၏။

23 ယော​ဟန်​က “ငါ​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ခဲ့​သည့်​အ​တိုင်း ‘ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ဖြောင့်​တန်း​စေ​ကြ​လော့’​ဟူ​၍ တော​ကန္တာ​ရ​၌​ဟစ်​ကြော်​သော​သူ​၏​အ​သံ​ဖြစ်​၏”​ဟု ဆို​၏။

24 ထို​သူ​တို့​သည် ဖာ​ရိ​ရှဲ​တို့​ထဲ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

25 တစ်​ဖန် သူ​တို့​က “သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​လည်း​မ​ဟုတ်၊ ထို​ပ​ရော​ဖက်​လည်း​မ​ဟုတ်​လျှင် အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

26 ယော​ဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိ​ဇံ​ပေး​၏။ သင်​တို့​အ​လယ်​၌ သင်​တို့​မ​သိ​သော​အ​ရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။

27 ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​သော​အ​ရှင်​ဖြစ်​၏။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်​တန်”​ဟု ပြန်​ပြော​၏။

28 ဤ​အ​ခြင်း​အ​ရာ​တို့​သည် ယော​ဟန်​ဗတ္တိ​ဇံ​ပေး​နေ​သော ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း၊ ဗေ​သ​နိ​ရွာ​တွင်​ဖြစ်​ပျက်​ခဲ့​၏။

ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်

29 နောက်​တစ်​နေ့​၌ ယော​ဟန်​သည် မိ​မိ​ထံ​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လော​က​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​သော ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း။

30 ‘ငါ့​ထက်​အ​လျင်​ဦး​စွာ​ရှိ​နှင့်​သည်​ဖြစ်​၍ ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အ​ရှင်​၏​အ​ကြောင်း​ပင်​ဖြစ်​သည်။

31 ငါ​သည်​လည်း အ​စ​က သူ့​ကို​မ​သိ။ သို့​ရာ​တွင် အစ္စ​ရေး​လူ​မျိုး​ရှေ့​၌ သူ့​ကို​ထင်​ရှား​စေ​ရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိ​ဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။

32 တစ်​ဖန် ယော​ဟန်​သည် သက်​သေ​ခံ​သည်​ကား “ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကောင်း​ကင်​မှ​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။

33 ငါ​သည်​လည်း အ​စ​က သူ့​ကို​မ​သိ။ သို့​ရာ​တွင် ရေ​၌​ဗတ္တိ​ဇံ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​က ‘တစ်​စုံ​တစ်​ဦး​အ​ပေါ်​သို့ ဝိ​ညာဉ်​တော်​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ ဗတ္တိ​ဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း

34 ငါ​မြင်​ရ​သ​ဖြင့် ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်​သေ​ခံ​သည်”​ဟု ဆို​လေ​၏။

35 နောက်​တစ်​နေ့​၌ ယော​ဟန်​သည် တစ်​ဖန် မိ​မိ​၏​တ​ပည့်​နှစ်​ဦး​တို့​နှင့်​အ​တူ ရပ်​နေ​စဉ်

36 ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။

37 ထို​သို့ ယော​ဟန်​ပြော​ဆို​သည်​ကို တ​ပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေ​ရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

38 ယေ​ရှု​သည်​လှည့်​၍ ထို​သူ​တို့​လိုက်​လာ​ကြ​သည်​ကို​မြင်​လျှင် “မည်​သည့်​အ​ရာ​ကို​အ​လို​ရှိ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။ ထို​သူ​တို့​က​လည်း “ရဗ္ဗိ၊ ကိုယ်​တော်​အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​ဓိပ္ပာယ်​မှာ ဆ​ရာ​ဟူ​၍​ဖြစ်​၏။)

39 ယေ​ရှု​က “လာ​ကြ​လော့။ သင်​တို့​သိ​မြင်​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​သွား​၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို​တွေ့​မြင်​ကြ​ပြီး ထို​နေ့​၌ ကိုယ်​တော်​နှင့်​အ​တူ​နေ​ခဲ့​ကြ​၏။ ထို​အ​ချိန်​ကား ည​နေ​လေး​နာ​ရီ​ခန့်​ဖြစ်​၏။

40 ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ နောက်​တော်​သို့​လိုက်​သွား​သော​သူ​နှစ်​ဦး​ထဲ​မှ​တစ်​ဦး​သည် ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ​ဖြစ်​၏။

41 အန္ဒြေ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ဦး​စွာ​တွေ့​၍ “ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက်

42 သူ့​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​၏။ (မေ​ရှိ​ယ​၏​အ​ဓိပ္ပာယ်​မှာ ဘိ​သိက်​ခံ​ရ​သူ​ဟူ​၍​ဖြစ်​၏။) ယေ​ရှု​သည် ရှိ​မုန်​ကို​စူး​စိုက်​ကြည့်​၍ “သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ သင်​သည် ကေ​ဖ​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။ (ကေ​ဖ​၏​အ​ဓိပ္ပာယ်​မှာ ကျောက်​ဟူ​၍​ဖြစ်​၏။)

ဖိ​လိပ္ပု​နှင့်​နာ​သ​နေ​လ

43 နောက်​တစ်​နေ့​တွင် ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်​သို့​ထွက်​ခွာ​ရန် အ​လို​တော်​ရှိ​၏။ ထို​အ​ခါ ဖိ​လိပ္ပု​ကို​တွေ့​လျှင် “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

44 ဖိ​လိပ္ပု​သည် အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​၏​ဇာ​တိ​မြို့​ဖြစ်​သော ဗက်​ဇဲ​ဒ​မြို့​မှ​လာ​သော​သူ​ဖြစ်​၏။

45 ဖိ​လိပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင် “မော​ရှေ​သည် ပ​ညတ်​တ​ရား​ကျမ်း​၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည်​လည်း သူ​တို့​ကျမ်း​၌​လည်း​ကောင်း ရေး​သား​ဖော်​ပြ​ထား​သော​သူ၊ ယော​သပ်​၏​သား၊ နာ​ဇ​ရက်​မြို့​မှ​ယေ​ရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။

46 နာ​သ​နေ​လ​က​လည်း “နာ​ဇ​ရက်​မြို့​ထဲ​မှ ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​နိုင်​သ​လော”​ဟု ဆို​သော် ဖိ​လိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။

47 ယေ​ရှု​သည် မိ​မိ​ထံ​သို့ နာ​သ​နေ​လ​လာ​နေ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ စစ်​မှန်​သော​အစ္စ​ရေး​အ​မျိုး​သား​ပေ​တည်း။ သူ​၌​စဉ်း​လဲ​ခြင်း​မ​ရှိ”​ဟု သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​၏။

48 နာ​သ​နေ​လ​က​လည်း “ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မည်​သို့​သိ​ပါ​သ​နည်း”​ဟု မေး​လျှောက်​သော် ယေ​ရှု​က “ဖိ​လိပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ သင်​သည် သ​ဖန်း​ပင်​အောက်​၌​ရှိ​နေ​သည်​ကို ငါ​မြင်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

49 နာ​သ​နေ​လ​က “ရဗ္ဗိ၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သည်။ အစ္စ​ရေး​ဘု​ရင်​လည်း​ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။

50 ယေ​ရှု​က​လည်း “သ​ဖန်း​ပင်​အောက်​၌ သင့်​ကို ငါ​မြင်​သည်​ဟု​ဆို​သော​ကြောင့် သင်​ယုံ​ကြည်​သ​လော။ ဤ​ထက်​ကြီး​မြတ်​သော​အ​ရာ​များ​ကို သင်​မြင်​ရ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင်

51 “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကောင်း​ကင်​သည်​ပွင့်​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​သည် လူ့​သား​၏​အ​ပေါ်​တွင် တက်​လျက်​ဆင်း​လျက်​နေ​ကြ​သည်​ကို သင်​တို့​မြင်​ကြ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21