27 ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။
28 ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။
29 သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။
30 ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
31 ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။
32 ယေရှုကလည်း “ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
33 ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။