24 ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုလိုက်နာစောင့်ထိန်းခြင်းမရှိ။ သင်တို့ကြားနေရသောစကားသည် ငါ၏စကားမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကားဖြစ်၏။
25 သင်တို့နှင့်အတူရှိနေစဉ် ဤအရာများကို ငါဟောပြောခဲ့ပြီ။
26 သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။
27 ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
28 ငါသည် သွားသော်လည်း သင်တို့ထံသို့ပြန်လာဦးမည်ဟု ငါပြောခဲ့သည်ကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်ကြလျှင် ခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် ကြီးမြတ်တော်မူ၏။
29 ထိုအခြင်းအရာဖြစ်ပျက်လာသောအခါ သင်တို့ယုံကြည်ကြစေရန် မဖြစ်ပျက်မီကပင် သင်တို့ကို ယခု ငါပြောထား၏။
30 ငါသည် သင်တို့နှင့် များစွာပြောတော့မည်မဟုတ်။ အကြောင်းမူကား ဤလောကကိုအုပ်ချုပ်သူသည် ရောက်လာတော့မည်။ သူသည် ငါ့အပေါ်၌ မည်သည့်အခွင့်အာဏာမျှမရှိ။