21 တစ်ဖန် ကိုယ်တော်က “ငါသည်သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာလျက် ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။
22 ထိုအခါ ဂျူးလူမျိုးတို့က “သူသည် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟုဆိုခြင်းမှာ သူ့ကိုယ်သူ သတ်သေလိမ့်မည်လော”ဟု ပြောဆိုကြ၏။
23 ယေရှုကလည်း “သင်တို့သည် အောက်အရပ်နှင့်ဆိုင်၏။ ငါမူကား အထက်အရပ်နှင့်ဆိုင်၏။ သင်တို့သည် ဤလောကနှင့်ဆိုင်၏။ ငါမူကား ဤလောကနှင့်မဆိုင်။
24 ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်”ဟု မိန့်တော်မူ၏။
25 ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက “ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။
26 သင်တို့နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏”ဟု မိန့်တော်မူ၏။
27 ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။